Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားတွေရဲ့အုပ်စုဖွဲ့ရန်ပွဲဟန့်တားခဲ့တဲ့ ဆရာတော်ကို ၇ တန်း‌ကျောင်းသား၂ဦးကသတ်ဖြတ်ခဲ့တာလို့​ဒေသခံ​တွေ​​ပြော

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာဆရာတော်တစ်ပါးသတ်ဖြတ်ခံရမှုဟာ သတ္တမတန်းကျောင်းသား၂ဦးကျုးလွန်တာလို့ ဒေသခံတွေကပြောပါတယ်။

(အသတ်ခံရတဲ့ဆရာ​​တော်ရုပ်ကလပ်ကိုသယ်ယူဖို့ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇန်နဝါရီ-၃၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာဆရာတော်တစ်ပါးသတ်ဖြတ်ခံရမှုဟာ သတ္တမတန်းကျောင်းသား၂ဦးကျုးလွန်တာလို့ ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့၊ရပ်ကွက် (၄)ကမဟာဗောဓရုံ ကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးဟာ ဇန်နဝါရီလ ၂၈ရက်နေ့က သတ်ဖြတ်ခံရတာဖြစ်ပါတယ်။

” သတင်းကြားကြားချင်း မယုံနိုင်ဘူး။ သတ်သွားတာက ကျောင်းသားတွေ။ ၇တန်းကျောင်းသား၂ယောက်တဲ့။ ဖမ်းတော့မှ သိရတာ။ တကယ့်ကို စည်းမဲ့ကမ်းမဲ့တွေဖြစ်နေတာ” လို့ ရပ်ကွက်(၄)မှာနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၂၇ ရက်က မဟာဗောဓရုံကျောင်းတိုက်အနီးမှာ လားရ်ှိုးမြို့ အထက(၆)က ကျောင်းသားတချို့ ရန်ပွဲဖြစ်ခဲ့ကြပါတယ်။ ဆရာတော်က ဟန့်တားခဲ့ပြီးလေးခွဖြင့် ပစ်ခတ်ခြောက်လှန့်ခဲ့တာကို မကျေနပ်တဲ့ကျောင်းသား ၂ယောက်က နောက်တစ်နေ့မှာ လာပြီးသတ်ဖြတ်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကြားရတာကဆရာတော်ကို တော်တော်မကျေနပ်လို့လာသတ်တာပေါ့။ဆွမ်းကပ်မယ်လို့ပြောပြီးပန်းစည်းခြားထဲ ဓားထည့်လာတာ။ဆရာတော်ကိုသတ်ပြီး ပြန်သွားပေမယ့် သူတို့ဖုန်းက ကျကျန်နေခဲ့တယ်။ အဲ့ဒီလိုနဲ့ တရားခံမိတာ” လို့ အထက်ပါ​ဒေသခံကပြောပါတယ်။

အဲဒီကျောင်းသားနှစ်ဦးကို အခင်းဖြစ်ရာနေရာမှာ ကျကျန်ခဲ့တဲ့ ဖုန်းကနေတဆင့်‌ခြေရာခံပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဇန်နဝါရီလ၂၉ရက်နေ့ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ဒါ​ပေမယ့်အသေးစိတ်အခြေအနေကိုတော့ သီးခြားအတည်ပြုနိုင်သေးပါဘူး။

ဆရာတော်က သက်တော် ၆၀ ခန့်ရှိပြီးဒေသခံတွေက ကြည်ညိုကြပါတယ်။ အသတ်ခံရတဲ့ဖြစ်စဉ်အပေါ် ဒေသခံတွေက ထိန့်လန့်နေကြပါတယ်။

အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိတဲ့လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်​တွေက ၂၀၂၄ သြဂုတ်လဆန်းမှာသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရက MNDAA ကို စစ်​ကောင်စီဆီပြန်လွှဲ​ပေးဖိူ့ ဖိအား​ပေးတာ​ကြောင့် ၂၀၂၅ ဧပြီလမှာစစ်ကောင်စီကို ပြန်လွှဲ​ပေးခဲ့ရပါတယ်။ လားရှိုးမြို့ထဲ စစ်တပ်ပြန်ဝင်လာပြီး​နောက် လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှု​တွေ၊ခိုးမှုတွေ မကြာခဏဖြစ်ပွား​နေပြီး ရာဇဝတ်မှု​တွေထူ​ပြောနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်မြို့တွေက စာသင်ကျောင်းတစ်ချို့မှာဒီနှစ်ပိုင်းအတွင်း ကျောင်းသားတွေအုပ်စုဖွဲ့ရန်ဖြစ်တာတွေ မကြာခဏဖြစ်နေပါတယ်။ ဇန်နဝါရီ ၂၇ရက်နေ့က ရွှေပြည်သာမြို့နယ် အထက (၁) ကျောင်းအတွင်း ကျောင်းသားချင်းရန်ဖြစ်ပြီး Grade-7 ကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။နယ်မြို့အချို့မှာလည်းကျောင်းသားတွေ ချိန်းပြီး အုပ်စုဖွဲ့ ထိုးကြိတ်တာတွေ ဖြစ်နေပါတယ်။

မန္တလေးမြို့က ကျောင်းသားမိဖတစ်ဦးက”ကျောင်းထားပေမယ့် အပြင်မှာထက် စိတ်ပူနေရပြီ။ စာသင် ကျောင်းတွေထဲမှာ လူသတ်ပွဲဖြစ်နေတာကို ဘယ်လိုစိတ်ဖြောင့်မလဲ။ တကယ့်ပဲ ပရမ်းပတာဖြစ်နေတာပါ။ ကျောင်းနှုတ်(ထုတ်) ရမလားတောင် စဉ်းစားနေရပြီ”လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

Trending

Facebook