စစ်တပ်ရွေးကောက်ပွဲ လွတ်လပ် တရားမျှတမှု မရှိကြောင်း ဗြိတိန်နဲ့ အီးယူတို့ ထုတ်ပြန်ကြေညာ
ဖေဖော်ဝါရီ-၁၊ ၂၀၂၆။ People’s Spring
စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်းမှာ မြန်မာပြည်သူပြည်သားတွေဟာ ပြင်းထန်ဆိုးရွားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁ရက်ဟာ စစ်တပ် အာဏာသိမ်းမှု ၅နှစ်ပြည့် ဖြစ်ပါတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်များကို ဥပေက္ခာပြုဖျက်ဆီးခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး အီဗက်ကူပါးက ထုတ်ပြန်ပါတယ်။

Public Service Announcement
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမျှတမှုလည်း မရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီဖို့ဆိုရင် ဆက်လက်လုပ်ဆောင်စရာတွေ များစွာကျန်သေးပြီး အရပ်သားပြည်သူတွေကို ဝိုင်းဝန်းကာကွယ်ကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ဗြိတိန်က ဆက်လက်တိုက်တွန်းပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအပြောင်းအလဲတရပ်ဖြစ်ပေါ်လာစေဖို့အတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စစ်တပ်ကို ဗြိတိန်က တောင်းဆိုပါတယ်။
ဗြိတိန်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေနဲ့ တစည်းတလုံးတည်း အစဥ်အမြဲ ရပ်တည်သွားမှာဖြစ်တယ်လို့ ဒီနေ့ ထပ်လောင်း ကတိပြုပါတယ်။
ဥရောပသမဂ္ဂ(EU) ကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်ကလည်း စစ်အာဏာသိမ်းမှု ၅ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံဟာ မရပ်မနား ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကာ ပြည်သူသန်းပေါင်းများစွာဟာ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ဖို့၊ လူ့အခွင့်အရေးများကို လေးစားဖို့၊ ပါဝင်ပတ်သက်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်အပေါ် ကတိကဝတ်ပြုဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို အတားအဆီးမရှိ ဝင်ရောက်နိုင်ဖို့ လိုအပ်နေတယ်လို့ အီးယူအဆင့်မြင့်ကိုယ်စားလှယ်က ဖော်ပြပါတယ်။
ဥရောပသမဂ္ဂဟာ စစ်တပ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အနီးကပ် စောင့်ကြည့်ခဲ့ပြီး လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲတရပ်အတွက် မဖြစ်မနေ လိုအပ်တဲ့ အခြေခံအချက်တွေ မပြည့်မီခဲ့ကြောင်း ထင်ရှားတယ်လို့ ထုတ်ပြန်ပါတယ်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ယုံကြည်စိတ်ချရသော ၊ ပွင့်လင်းမြင်သာသော ၊ အားလုံးပါဝင်ပတ်သက်မှုရှိသော ရွေးကောက်ပွဲဖြစ်စဥ် မရှိခဲ့ဘူးလို့ အီးယူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေဟာ အလွန်အမင်း ဆိုးရွားနေဆဲဖြစ်ပြီး လူဦးရေ (၁၆) သန်း ကျော်ဟာ အရေးပေါ် အကူအညီတွေ ချက်ချင်း လိုအပ်နေတယ်လို့ အီးယူက ထုတ်ပြန်ပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာရသူ လူဦးရေ (၃.၆) သန်း ကျော် ရှိနေခြင်းအပြင် မြန်မာနိုင်ငံသားအများအပြားဟာ အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံနေကြရပါတယ်။
အီးယူဟာ မြန်မာပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်လက် ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အီးယူဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းသာယာရေးကို လိုလားဆန္ဒပြုနေတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်းလည်း ဆက်လက်ဖော်ပြပါတယ်။
ဓာတ်ပုံ – EU Myanmar


















































