ဖေဖော်ဝါရီ-၂၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲကကိုးတောင်ဘို့စခန်းကို တော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ကောလင်းမြို့နယ်ကိုရောက်နေတဲ့စစ်တပ် စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ရေးအရ အချက်အချာကျတဲ့ကိုးတောင်ဘို့စစ်စခန်းကို ဇန်နဝါရီလ ၃၀ရက်ညမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။
“ကိုးတောင်ဘို့ကိုကျတော်တို့သိမ်းလိုက်တော့ ကောလင်းကိုသွားနေတဲ့ဝန်းသိုကတပ်တွေက ပြန်ဆုတ်သွားတယ်။ အခြေအနေက စိတ်မချရသေးတဲ့အတွက် ဒေသခံတွေကတော့ပြန်နေလို့မရသေးဘူး”လို့ တော်လှန်ရေး သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

ဝန်းသိုမြို့အခြေစိုက်ခမရ(၁၀၁)နဲ့ ခမရ(၁၂၀)ကအင်အား ၂၀၀ခန့်ရှိ စစ်ကြောင်းဟာ ကောလင်းမြို့နယ်ထဲကိုဇန်နဝါရီလ၁၆ ရက်နေ့ကဝင်လာခဲ့တာပါ။ အဲ့ဒီနေ့က ဝန်းသိုမြို့နယ်၊ညောင်ပင်သာရွာနဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းက ချဉ်ပစ်ခုံရွာဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကသေဆုံးမှုတွေများပြားသလို ကာကွယ်ရေးရဲဘော်အချိုလည်းကျဆုံးခဲ့ပါတယ်။စစ်တပ်ကကျောက်တန်းရွာအနီးမှာတပ်စွဲခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ကောလင်းနဲ့ဝန်းသိုကြားက သစ်ဖုလစခန်းကို စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့တာပါ။
PDFပူးပေါင်းတပ်တွေက စစ်ကြောင်းတွေကိုပိတ်ဆို့တိုက်ခိုက်ခဲ့သလို ကိုးတောင်ဘို့စခန်းကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းယူလိုက်တာကြောင့် စစ်တပ် စစ်ကြောင်းတွေ နောက်ကြောင်းပြန်ဆုတ်သွားတာလို့ သိရပါတယ်။
ကောလင်းမြို့ဟာ ကိုးတောင်ဘို့နဲ့ ဝန်းသိုမြို့ကြားမှာ ရှိပြီး လက်ရှိမှာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေပါတယ်။
ကိုးတောင်ဘို့စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ကထိခိုက်သေဆုံးမှုတွေများခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲသတင်းကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက မကြာခင်ထုတ်ပြန်လိမ့်မယ်လို့ ၎င်းက ပြောပါတယ်။


















































