Connect with us

Hi, what are you looking for?

သတင်း

သူလျှိုဒရုန်း စွပ်စွဲချက်အတွက် ထောက်လှမ်းရေး အေဂျင်စီတွေကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ စီးနင်းရှာဖွေ

မြောက်ကိုရီးယား ပိုင်နက်ထဲ သူလျှိုဒရုန်း စေလွှတ်ခဲ့မှုကို အကြောင်းပြုပြီး တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီတွေကို ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပါတယ်။

ဓာတ်ပုံ - AFP

မြောက်ကိုရီးယား ပိုင်နက်ထဲ သူလျှိုဒရုန်း စေလွှတ်ခဲ့မှုကို အကြောင်းပြုပြီး တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီတွေကို ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပါတယ်။

နှစ်ဆန်းပိုင်းတုန်းက တောင်ကိုရီးယားဆီက ကျူးကျော် ပျံသန်း ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း မြောက်ကိုရီးယား စစ်တပ်က ကြေညာခဲ့ပြီး ဒီကိစ္စဟာ ရန်စတဲ့ လုပ်ရပ်တစ်ခုအဖြစ် ရှုတ်ချခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ တောင်ကိုရီးယား အစိုးရဟာ ဒရုန်းစေလွှတ်မှုမှာ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အရပ်သားတွေက လွှတ်တင်လိုက်တာသာ ဖြစ်နိုင်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ အမျိုးသား ထောက်လှမ်းရေးဌာန (NIS)၊ ကာကွယ်ရေး ထောက်လှမ်းမှု ဦးစီးဌာန (DIC)တို့ အပါအဝင် နေရာပေါင်း ၁၈ ခုကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖြန့်ကျက် စီးနင်း ရှာဖွေခဲ့ပါတယ်။ အဲဒီ ရှာဖွေမှုတွေဟာ မြောက်ကိုရီးယား ပိုင်နက်ထဲ ဒရုန်းစေလွှတ်မှုမှာ ထောက်လှမ်းရေးဌာနနဲ့ စစ်ဘက် တာဝန်ရှိသူတွေ ပါဝင်ဆက်စပ်ခဲ့သလား ဆိုတာကို ဆန်းစစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေဟာ လက်ရှိ စစ်မှုထမ်းနေတဲ့ တောင်ကိုရီးယား စစ်သား ၃ ယောက်နဲ့ NIS အရာရှိ ၁ ဦးကိုလည်း ဒီဖြစ်ရပ်နဲ့ ဆက်စပ် ပါဝင်နိုင်ခြေအတွက် စုံစမ်း မေးမြန်းနေပါတယ်။ တောင်ကိုရီးယားဟာ အခု ဒရုန်းပြဿနာအတွက် အရပ်သား ၃ ဦးကိုလည်း စွဲချက်တင်ထားပြီး အဲဒီထဲက ၁ ဦးကတော့ မြောက်ကိုရီးယားရဲ့ ပြောင်ဆန် ယူရေနီယမ် သတ္တုသန့်စင် ဌာနနားက ရေဒီယို သတ္တိကြွမှုတွေကို တိုင်းတာချင်လို့ ဒရုန်း လွှတ်တင်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ တောင်ကိုရီးယား အစိုးရက ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ အစိုးရ အေဂျင်စီ ဝန်ထမ်းတွေရော ပါဝင်နေသလားဆိုတဲ့ သံသယမျိုး ရှိလာပြီး အခုလို ထောက်လှမ်းရေး အေဂျင်စီတွေကို စီးနင်း ရှာဖွေစေတဲ့ထိ အခြေအနေတွေ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

ဒရုန်းကိစ္စနဲ့ ပတ်သက်လို့ နောက်ကွယ်က တကယ့်အဖြစ်မှန်ကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးသွားမယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

မြောက်ကိုရီးယား ပိုင်နက်ထဲ ဒရုန်းတွေ စေလွှတ်တယ်ဆိုတဲ့ ကိစ္စဟာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ခ်ယောနဲ့ ပတ်သက် ဆက်နွှယ်နေခြင်းကြောင့်လည်း ဒီပြဿနာက ပိုပြီး ထိလွယ်ရှလွယ် ဖြစ်လာပါတယ်။

အစိုးရ ရှေ့နေတွေက ယွန်ဟာ ပြည်တွင်းမှာ အမျိုးသားရေး ဝါဒီတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် မြောက်ကိုရီးယားကို ရန်စတဲ့ အနေနဲ့ ဒရုန်းတွေ ကျူးကျော် ပျံသန်းစေပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ကြဲချစေခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ မြောက်ကိုရီးယားကလည်း ယွန်ရဲ့လက်ထက်မှာ တောင်ကိုရီးယား ဒရုန်းတွေက ပြုံယမ်းမြို့တော်ထိ ရောက်ရှိလာပြီး အဲဒီလို လက်ကမ်းစာစောင်တွေ မကြာခဏ ကြဲချခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယွန်ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ လက်ရှိ သမ္မတ လီဂျေမြောင်ကတော့ မြောက်ကိုရီးယားနဲ့ ပြန်လည် သင့်မြတ်တဲ့ ဆက်ဆံရေးမျိုး ထူထောင်ဖို့ လိုလားကြောင်း အတိအလင်း ပြောကြားထားပါတယ်။ လီဟာ ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် စပီကာတွေကိုလည်း ဖြုတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။