ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)က ဖမ်းဆီးထားတဲ့ ရှမ်းမြောက်လားရှိုးမြို့နယ်က ရှမ်းဒေသခံတွေကို ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုတဲ့ ကြေညာချက်ကို ရှမ်းအဖွဲ့အစည်း ၁၁ခုက ဒီကနေ့ ဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ရက်က ရှမ်းပြည်မြောက်ပိုင်း လားရိူးမြိုနယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာက ရှမ်းဒေသခံ ၃၆ဦးကို ဖမ်းဆီးခဲ့ရာ ၃၁ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်နေတဲ့ ၅ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့တွေက တောင်းဆိုခဲ့တာပါ။ MNDAAနဲ့ တရုတ်လုပ်ငန်းရှင်တွေက ရွှေတူးဖို လုပ်ဆောင်နေတာကို ဆန္ဒပြလိုဆိုပြီး ဝမ်စယ်ဒေသခံ ၃၆ဦးကို MNDAAက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မူလက အဖမ်းခံရတဲ့ ဒေသခံ ၉ဦး ကျန်နေတာဖြစ်ပြီး အခု ၅ဦးသာ ကျန်နေတာဖြစ်ပါတယ်။
ကျန်နေတဲ့သူတွေကို ဘာကြောင့်ဆက်လက်ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ ယိင်းမွေလျန်းက ပြောပါတယ်။

Public Service Announcement
“အကြောင်းပြချက်မရှိ ဖမ်းထားတာ” လို့ သူက ပြောပါတယ်။
ရှမ်းဒေသခံတွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ MNDAA တို့ ဖေဖော်ဝါရီ ၆ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဆွေးနွေးမှု ရလဒ်ကို မေးမြန်းထားပေမယ့် SSPP ပြောရေးဆိုခွင့်ရှိသူဆီက ပြန်ကြားချက် မရရှိသေးပါဘူး။
“အစည်းအဝေး ထပ်လုပ်ဖို့ရှိတယ်လို့ပဲ သိရတာ” လို့ ယိင်းမွေလျန်းက SSPPက ကြားဝင်ညှိပေးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းချက်အပေါ် ပြောပြပါတယ်။
ရှမ်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ MNDAAဆက်လက်ဖမ်းဆီးထားတဲ့သူ ၅ဦးရဲ့ အသက်အန္တရာယ် နဲ့ ကျန်းမာရေးအား အလွန်စိုးရိမ်မိဟု ဖော်ပြပါတယ်။
“ နိုင်ငံရေး၊ စစ်ရေးမတည်ငြိမ်သည့် ကာလတွင် လုံခြုံရေးလိုအပ်ချက်အရ အရပ်သား ပြည်သူများအား ခေါ်ယူမေးမြန်းနိုင်သည်ဟု ဆိုသော်လည်း အရပ်သားပြည်သူလူထုက မိမိတို့ဒေသ အကျိုးစီးပွါးအလို့ငှါ ဆန္ဒဖော်ထုတ်ကြသည်ကိုမူ နှောင့်ယှက်ဟန့်တားရုံမက မတရားအဓမ္မ ရိုက်နှက် ဖမ်းဆီးချုပ်နှောင်ခြင်းကို လုံးဝ(လုံးဝ)လက်မခံနိုင်ပါ” လို့ ရှမ်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အရပ်သားတွေကို အခုလိုဖမ်းဆီးတဲ့ လုပ်ရပ်ဟာ ဒေသခံ လူထုက MNDAA တပ်ဖွဲ့အပေါ် ပိုမို ယုံကြည်မှု လျော့နည်းစေမယ်လို့လည်း ယိင်းမွေလျန်းက ပြောပါတယ်။
သျှမ်း(ရှမ်း)ပြည်ရဲ့ အချုပ်အခြာအာဏာကို အမှန်တကယ်ပိုင်စိုးတာဟာ သျှမ်းပြည်သားများ ကိုယ်တိုင်ဖြစ်တာကို သတိပြုဖို့လည်း ထုတ်ပြန်ပါတယ်။
ရှမ်းပြည်သားချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို အရှည်သဖြင့် မျှော်တွေး ပြီး ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သော ဝမ်စယ်အရပ်သားပြည်သူ (၅)ဦးအား ချွင်းချက်မရှိ ယခုချက်ချင်းပြန် လွှတ်ပေးဖို့ လေးနက်စွာ ထပ်မံ တောင်းဆိုလိုက်ကြောင်း ဖော်ပြကာ ချက်ချင်း ပြန်မလွှတ်လျှင်သော်လည်းကောင်း၊ ထိုသူများ ထိခိုက်မှု တစုံတရာဖြစ်ခဲ့လျှင်သော် လည်းကောင်း၊ ယခုဖြစ်စဉ်များကဲ့သို့ နောင်များတွင် ဆက်ဖြစ်လာခဲ့လျှင်သော်လည်း ကောင်း၊ မဖြစ်သင့်သော နောက်ဆက်တွဲ လူမျိုးရေးပဋိပက္ခများ ဆက်ဖြစ်လာမည်ကို စိုးရိမ်မိဟုလည်း အသိပေးထားပါတယ်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်မှသာ လူထုတို့ လိုလားသော ဖွံ့ဖြိုးအေးချမ်းတဲ့ ပြည်ထောင်စုတခုကို အတူတည်ဆောက် နေထိုင်နိုင်မယ်လို့လည်း ရှမ်းအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။


















































