■ တရုတ်အစိုးရအထူးကိုယ်စားလှယ်နေပြည်တော်ရောက်နေ
မတ်-၁၄၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကွတ်ခိုင်မြို့နယ်နေရာအချို့မှာ ဒီကနေ့မနက်ပိုင်းမှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)မဟာ မိတ်အချင်းချင်းတိုက်ပွဲစဖြစ်ကြောင်းဒေသစစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံအချို့ကပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ရက်မှာ ကိုးကန့်တပ် (MNDAA) က ကွတ်ခိုင်မြို့ပေါ်မှာ CCTV တပ်ဆင်မှု နဲ့ပတ်သက်ပြီး TNLA က အင်အားသုံးဖယ်ရှားရာကနေ နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြားပြဿနာစဖြစ်ပွားခဲ့ရာ တစ်လကြာတဲ့အထိ နှစ်ဖက် ဖြေရှင်းနိုင်မှု မရှိဘဲ မတ်လ ၁၄ရက် မှာ တိုက်ပွဲစဖြစ်လာတာပါ။

Public Service Announcement
“တချို့နေရာမှာ စတိုက်နေပြီ။ ရှုခင်းသာဘက်မှာ ၊မူဆယ်သွားတဲ့ ဘက်မှာ လက်နက်ငယ်တွေနဲ့ စပစ်နေပြီတဲ့”လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခြားဒေသခံတစ်ဦးက လည်း “ ဒီမနက် ၉နာရီလောက်က စဖြစ်တာ။ ကိုးကန့်ကစချတာ။ အခုထိ ဆူညံနေတယ်” လို့ပြောပါတယ်။
ကွတ်ခိုင်မြို့ထဲနဲ့ နေရာအနှံ့မှာတပ်စွဲထားတဲ့ TNLA တပ်တွေကို MNDAA က တိုက်ခိုက်တာလို့ ဆိုပါတယ်။
MNDAA သတင်းထုတ်ပြန်ရေးအဖွဲ့ထဲက တစ်ဦးကတော့ အိမ်ကြက်အချင်းချင်းခွပ်နေတာအဆင်မပြေကြောင်း ဒီနေ့မနက် သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက် မှာ ရေးသားထားပါတယ်။
ရှမ်းမြောက် စစ်ရေး နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ MNDAAဟာ အင်အားအများအပြားနဲ့ နမ့်ဖက်ကာ၊ ကွတ်ခိုင် ၊ လွယ်ဆမ်ဆစ်တောင်ခြေ နွားခြံ၊ ၃၈ မိုင် ၊မန်ပြိန်းရွာတွေမှာ လက်နက်ကြီး တွေ ၊ ဒရုန်းတွေအများအပြား ပို့ထားတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောပြပါတယ်။
“ ကွတ်ခိုင်မြို့နဲ့ နမ့်ဖက်ကာထဲရှိတဲ့ TNLAက ပိတ်ဆို့ခံထားရတဲ့ အနေ အထား။ နမ္မတူနဲ့ နမ့်ဖက်ဘက်က TNLA တက်လာမယ်ဆိုရင်လည်း KIA တပ်မဟာ(၄) လမ်းကြောင်း မဖွင့်ပေးရင် တက်လာလို့ ရမှာ မဟုတ်ဘူး။ နမ့်ဖက်ကာနဲ့ လွယ်ခန်ကျေးရွာမျာ KIA ဘက်ကလည်း အင်အားဖြည့်စု ဆောင်းထားတယ်။ စကစ ဘက်က လားရှိုးကနေ စောင့်ကြည့်နေတဲ့ သဘော”လို့စစ်ရေးနိုင်ငံရေးလေ့လာသူကပြောပါတယ်။
KIA၊ TNLA၊ MNDAAသုံးဖွဲ့ကိုနယ်မြေပြဿနာဖြစ်အောင် စစ်ကောင်စီက တဖွဲ့ဖွဲ့ကို အားပေး အားမြောက်လုပ်နေတဲ့ သဘောရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။
“မဟာမိတ်တပ်တွေကြား နယ်မြေကိစ္စရပ်တွေကို စစ်ရေးအရ ဖြေရှင်းရင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာတွေဟာ စကစ လက်ထဲ ပြန်ကျသွားနိုင်လို့ပါ။ လူမျိုးရေးအစွန်းရောက်မှုနဲ့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေး ခံယူချက်တွေကို ပြုပြင်သင့်ပြီ” လို့လည်း အထက်ပါသတင်းရင်းမြစ်ကသုံးသပ်ပြောကြားပါတယ်။
ဒါ့အပြင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၊အာရှရေးရာအထူးကိုယ်စား လှယ် တိန့်ရှီးကျွင်း နေပြည်တော်ကိုရောက်ရှိနေချိန်မှာ MNDAA နဲ့ TNLA တို့ အခုလိုတိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။
တရုတ်အထူးကိုယ်စားလှယ်ကမတ်လ ၁၃ရက်မှာစစ်ကောင်စီဝန်ကြီးချုပ် ဦးသန်းဆွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
တရုတ်အစိုးရက မတ်လထဲမှာတရုတ်နိုင်ငံမှာအရေးကြီးအစည်းအဝေးတွေရှိတာကြောင့် နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်အောင် KIA ကတာဝန်ရှိသူတွေနဲ့ဆွေးနွေးစဥ်မှာတောင် ပြောခဲ့တယ်လို့ သိရပါတယ်။
MNDAA နဲ့ TNLA တို့က တရုတ်အစိုးရရဲ့ကြားဝင်မှု ၊ဖိအားပေးမှုတွေကြောင့် စစ်တပ်နဲ့ဆွေးနွေးပြီး ယာယီအပစ်ရပ်ထားကြတာဖြစ်ပါတယ် ။
MNDAA ၊TNLA ၊AA တို့ရဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်တပ်ရဲ့ထိန်းချုပ်ထားတဲ့မြို့ပေါင်းဆယ်နဲ့ချီပြီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။ညီနောင် မဟာမိတ်သုံးဖွဲ့ ဖွဲ့ပြီးနောက် မဟာမိတ်တွေကြားအခုလိုတိုက်ပွဲဖြစ်တာမရှိခဲ့ဖူးပါဘူး ။
၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေ ၊တပ်ရင်းဌာနချုပ်တွေသိမ်းပိုက်ခဲ့တဲ့ MNDAA နဲ့ TNLA တပ်ဖွဲ့ဝင်တွေ ကိုတွေ့ရပုံ
ဓာတ်ပုံ-The Kokang ၊TNLA





















































