ဖေဖော်ဝါရီ-၂၁၊ ၂၀၂၆/People’s Spring
အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၁၀ဦးထပ်မံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား ၁၀ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီးအလင်းဝင်သူအားလုံးဟာ စစ်ကောင်စီအဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်တယ်လို့ အသိပေးထားပါတယ်။ အလင်းဝင်လာသူ ၃ဦးဟာ စစ်ကောင်စီရဲ့ ခမရ(၄၃၉)တပ်ရင်းက ဖြစ်ပြီး ၆ဦးက ခမရ(၅၉၈) တပ်ရင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၇ရက်မှာ ခမရ(၄၃၉)တပ်ရင်းမှာ တာဝန်ကျနေတဲ့ မောင်သက်လွင်စိုး (၃၄)နှစ်၊ မောင်သက်လွင်ဦး (၂၈)နှစ်၊ မောင်ချစ်မောင်မောင် (၂၇)နှစ်နဲ့ မောင်ချစ်ဝေဖြိုး (၂၄)နှစ် တို့ဟာ တပ်မဟာ (၃)လက်အောက်ခံ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃)ထံ လက်နက်ချ အလင်း၀င်လာခဲ့ကြတာလို့ ဖော်ပြပါတယ်။

Public Service Announcement
အဲဒီတပ်သားတွေဟာ ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဥ် (၁၅) နဲ့ (၁၃)စစ်သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၀ရက်မှာတော့ ခမရ(၅၉၈)တပ်ရင်း မျိုး၀င်းဇော် (၄၈)နှစ်၊ သန်းဌေးအောင် (၃၂)နှစ်၊ ကျော်လင်းထက် (၃၁)နှစ်၊ ရဲကျော်သူ၀င်း (၃၄)နှစ်၊ တင်မောင်မြင့် (၃၀)နဲ့ ဖိုးသား (၃၂)နှစ် တို့ (၆)ဦးဟာ တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်ခဲ့တာလို့ ဖော်ပြပါတယ်။
အလင်းဝင်တပ်သားတွေဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁၆) သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလင်းဝင်လာသူတွေကို ကောင်းမွန်စွာ ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း အသိပေးထားသလို စစ်ကောင်စီတပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသူတွေ အနေနဲ့လည်း KNUနဲ့ နီးစပ်ရာ တော်လှန်ရေး အဖွဲ့တွေဆီ အလင်းဝင်ကြဖို့ ထပ်မံ တိုက်တွန်းထားပါတယ်။
ဖေဖော်ဝါရီ ပထမပတ်ကလည်း စစ်ကောင်စီတပ်သား ၁ဦး KNU တပ်မဟာ(၃)ထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။ ဒါ့အပြင် တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြိုနယ်မှာ အရင်ကလည်း KNLA တပ်ဖွဲတွေဆီ စစ်ကောင်စီ တပ်သားသစ်တွေ အဖွဲလိုက် အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၈ရက်က လယ်ဒို(ကျောက်ကြီး)မြိုနယ် KNLA တပ်မဟာ(၃) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ(KNDO) တပ်ရင်း(၃)ဆီကို ခလရ(၅၃) တပ်က တပ်သားသစ် ၇ဦး အလင်းဝင်ခဲ့ပါတယ်။
ဇန်နဝါရီ ၃ရက်ကလည်း KNLA တပ်မဟာ(၃) တပ်ရင်း(၈) ဆီကို စစ်ကောင်စီရဲ့ ခမရ(၅၉၉) တပ်က တပ်သား ၃ဦး အလင်းဝင်ခဲ့သလို ၂၀၂၅ ဒီဇင်ဘာလထဲမှာလည်း တပ်မဟာ(၃) ဆီကို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ၁၀ဦးထက်မနည်းရှိခဲ့ပါတယ်။



















































