Connect with us

Hi, what are you looking for?

သတင်း

MNDAAနဲ့ TNLA ကြားပြဿနာ မဟာမိတ်ချင်းပြေလည်အောင်ဖြေရှင်းဖို့ တအာင်းအဖွဲ့ ၆ဖွဲ့ တိုက်တွန်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)အကြား ပြဿနာ မဟာမိတ်ချင်း ဆွေးနွေးဖြေရှင်းဖို့နဲ့ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ လူထုအပေါ် ဦးတည်တိုက်ခိုက်တာတွေ မလုပ်ဖို့ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ရက်က ကြေညာချက် ထုတ်ပြန် မေတ္တာရပ်ခံခဲ့ပါတယ်။

■​လူထုအပေါ် ဦးတည်တိုက်ခိုက်တာ မလုပ်ဖို့ မေတ္တာရပ်ခံ

ဖေဖော်ဝါရီ−၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)အကြား ပြဿနာ မဟာမိတ်ချင်း ဆွေးနွေးဖြေရှင်းဖို့နဲ့ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ လူထုအပေါ် ဦးတည်တိုက်ခိုက်တာတွေ မလုပ်ဖို့ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ရက်က ကြေညာချက် ထုတ်ပြန် မေတ္တာရပ်ခံခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ MNDAAက CCTV တပ်ဆင်မှုနဲ့ပတ်သက်ပြီး TNLAက MNDAA ရုံးတွေကို ဝင်စီးရာမှစကာ နှစ်ဖက်အကြား ပြဿနာဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အပြန်အလှန်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ နှစ်ဖက်အကြား ပြဿနာတွေမှာလည်း ရဲဘော်တွေ ထိခိုက်တာတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်မြို့မှာ ဖြစ်တဲ့ပြဿနာ ပြေလည်ဖို့ နှစ်ဖက်ဖြေရှင်းနေကြောင်း TNLAဘက်က ထုတ်ဖော် ပြောဆိုထားပေမယ့် ဒေသတွင်း စစ်ပြင်ဆင်မှုတွေရှိပြီး ကိုးကန့်၊ တအာင်း လူမျိုးတွေကို နှစ်ဖက်တပ်တွေက ခရီးသွားလာမှု ကန့်သတ်တာ အပါအဝင် ပြဿနာတွေ ရှိနေတဲ့ အခြေအနေမှာ တအာင်းအရပ်ဖက်အဖွဲ့အစည်း ၆ခုက ပူးပေါင်းပြီး အခုလို ပန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁၃ ရက်ကစပြီး မြေပြင်မှာ တင်းမာမှုဖြစ်ပွားခဲ့တာ တစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်ကာ အဲဒီကာလအတွင်း တပ်ဖွဲ့နှစ်ဖွဲ့အကြား တင်းမာမှုဖြစ်နေပြီး အပြန်အလှန်ရိုက်နှက်မှုကြောင့် နှစ်ဖက် တပ်ဖွဲ့ ဝင်များ ထိခိုက်ဒဏ်ရာရတာ၊ တပ်ဖွဲ့ဝင်ချင်း ဖမ်းဆီးထိန်းသိမ်းတာ စတဲ့ ရန်လိုမှုအပြုအမူများ ဖြစ်ပွားနေတဲ့ အပေါ် များစွာ စိတ်မကောင်းဖြစ်ရဟု တအာင်းအရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

” တပ်နှစ်ဖွဲ့ကြား အငြင်းပွားမှုနောက်ဆက်တွဲအနေဖြင့် တင်းမာမှုအကြား မြေပြင်ရှိ ပြည်သူလူထုများသည် ကြားညှပ်ပြီး ဓားစာခံအဖြစ် ခါးစည်းခံရလျှက်ရှိသည်။ နောက်ဆက်တွဲပြဿနာကြောင့် လူထုအား ပစ်မှတ်ထား ရိုက်နှက်ခြင်း၊ ဖမ်းဆီး ခြင်း၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခြင်း၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တားဆီးခြင်း စသည့် လူထုအား ပစ်မှတ်ထား လက် စားချေမှု၊ ရန်လိုမှုများ ပြုလုပ်ပြီး အွန်လိုင်းစာမျက်နှာများတွင်လည်း အမုန်းစကားဖြန့်ဝေခြင်း၊ မဟုတ်မမှန် ဓာတ်ပုံ/ဗီဒီယို များ အသုံးချကာ သွေးခွဲခြင်းစသည့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သည့် ပြဿနာဖန်တီးနေသည့် အပြုအမူများနှင့် လူထု အပေါ်အကြမ်းဖက်မှုများ ဖြစ်ပွားလျှက်ရှိသည်ကို တွေ့မြင်နေရပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မဟာမိတ်တပ်ဖွဲ့ချင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်သူလူထုအပေါ်ပုံချကာ ရန်လိုခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ သွားလာခွင့်ပိတ်ပင်ခြင်း၊ ကုန်စည်သယ်ဆောင်ခွင့်တားဆီးခြင်းနဲ့ လုထုအား အကြမ်းဖက် ခြင်းများ မလုပ်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဖြစ်ပွားနေတဲ့ အငြင်းပွား မှုတွေကို ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ဖြင့် မဟာမိတ်ချင်း အမြန်ဆုံးပြေလည်မှုရရှိနိုင်ရေး ဖြေရှင်းကြပါဖို့လည်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ရက်က တိုက်တွန်းထားပါတယ်။

ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ အဖွဲ့တွေကတော့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ – TSYU၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO ၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေးရှင်း – TLAF၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း – THO၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ – TEWGနဲ့ ၆) တအာင်းပညာရေးအင်စတီကျူ – TEIတို့ ဖြစ်ပါတယ်။

TNLA အနေနဲ့ MNDAA သာမက အခြားသော မဟာမိတ် တော်လှန်ရေးအဖွဲတွေနဲ့ ပြဿနာဖြစ်ပွားမှုတွေကိုလည်း ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်လို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်က People’s Spring ရဲ့ မေးမြန်းမှုအပေါ် မှာ ပြောပြထားပါတယ်။

“MNDAA မဟာမိတ်မှ မဟုတ်ဘူး အခြားသော ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ ဒီလက်နက်ကိုင် အထူးသဖြင့် ERO အဖွဲအစည်းတွေနဲ့ ကျမတို မှာဆိုရင် ပွတ်တိုက်မှုတွေရှိတယ် အငြင်းပွားမှုတွေရှိပါတယ်။ ဒါကတော့ အောက်ခြေမှာ ဖြစ်ပွား နေတဲ့ဟာမျိုးတွေရှိတယ်။ မြေပြင်မှာ ဖြစ်ပွားနေတာရှိတယ်။ ဗဟိုအဆင့်ကတော့ ဒီကိစ္စကို တဖက်နဲ့တဖက်ထိန်းသိမ်းဆောင်ရွက်ဖို ဆက်သွယ်သွားလာနေကြတာမျိုးတွေရှိတယ်။ တွေ့ဆုံဆွေးနွေးရေးကိုပဲ ကျမတို အဓိက ထားဖြေရှင်းနေတာဖြစ်ပါတယ်”လို လွေးယေဦးက ပြောပါတယ်။

အကယ်၍ ရှေ့ဆက်ပြီး အလားတူ ပြဿနာတွေ ဖြစ်လာရင်လည်း ဒေသခံတွေအနေနဲ့ စိုးရိမ်စရာမလိုကြောင်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။