Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ စက်သုံးဆီစပြတ်

ရန်ကုန်မြို့မှာ ဆီပြတ်လို့ အငှားယာဉ်မောင်းအချို့ ရပ်နား၊ နယ်မြို့တွေမှာ ဆီတန်းစီဝယ်ယူနေရ

ကရင်​ပြည်နယ်၊ မြဝတီမြို့မှာ ဒီကနေ့မနက်ပိုင်းစက်သုံးဆီရဖို့ တန်းစီနေကြစဉ်။ ဓာတ်ပုံ - CJ

မတ်-၃၊၂၀၂၆။ဇော်ဝင်း /People’s Spring

ရန်ကုန်မြို့မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် ဆိုင်တချို့ပိတ်တာနဲ့ ရောင်းချမှုမရှိတာတွေကြောင့် အလုပ်ရပ်နားထားရတယ်လို့ အငှားယာဥ်မောင်းသူတချို့က ပြောပါတယ်။

မနေ့ကစလို့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီ အကန့်အသတ်နဲ့ တန်းစီဝယ်ယူရတာ တွေက ဒီကနေ့ မတ်လ ၃ရက် မနက်ပိုင်းမှာ ပိုဆိုးရွားသွားတယ်လို့ ဆိုကြပါတယ်။

“ဗထူးလမ်းမပေါ်က Max ဆီဆိုင်မှာ မနက်ကတည်းက တန်းစီတာ မရခဲ့ဘူး။အဲဒါကြောင့် မဆွဲဘဲ ဂိတ် ထိုးထားတယ်။ခရီးသည်ရှိလည်း လိုက်မရဘူး။ဆီက အရမ်းရှားနေပြီ”လို့ မြောက်ဒဂုံမြို့ခံ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ အင်းစိန်၊မြောက်ဒဂုံနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာရှိတဲ့ စက်သုံးဆီဆိုင်ကြီးတချို့ ပိတ်ထားတယ်လို့ စက်သုံးဆီလိုက်ဝယ်ခဲ့သူတစ်ဦးက အသိပေးပါတယ်။

“ဖွင့်တဲ့ဆိုင်တွေဆိုလည်း သူတို့နဲ့ ချိတ်ဆက်တဲ့ ကုမ္ပဏီတွေက ကားတွေပဲ ထည့်ပေးတာ။ကျန်တာ တွေက ရ၊မရ မသိပဲ တန်းစီနေရတာမျိုးပါ”လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့အပြင် အခြားမြို့တွေမှာလည်း ဒီကနေ့ကစပြီး စက်သုံးဆီကို တန်းစီဝယ်ယူနေကြပါတယ်။

စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ဒေါ်လာငွေ ထိန်းချုပ်လိုမှုကြောင့် ပြည်တွင်းမှာ စက်သုံးဆီ မကြာခဏပြတ်လပ်မှုရှိခဲ့ပြီး ၂၀၂၃ နဲ့ ၂၀၂၄ တွေမှာ ညအိပ်တန်းစီပြီး ဆီဆိုင်က ပေးသလောက် ပမာဏနဲ့သာ စက်သုံးဆီဝယ်ယူခဲ့ရတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ဖူးပါတယ်။

အီရန်စစ်ပွဲနဲ့အတူ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ် စဥ်တွေကနေ ကမ္ဘာ့စက်သုံးဆီ စျေးတက်နေတာ နဲ့ စက်သုံးဆီကုန်သွယ်ရေးလမ်းကြောင်း ပိတ်လိုက်တဲ့ အခြေအနေတွေက ပြည်ပကနေ စက်သုံးဆီတင်သွင်းရတဲ့ မြန်မာနိုင်ငံအပေါ် သိသာတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

“အရန်ဆီက မြန်မာနိုင်ငံမှာရှိရင် အလွန်ဆုံး တစ်လပဲ။ဒါတောင် ဘယ်လောက်ပမာဏ ရှိတယ်ဆိုတာ တရားဝင် မကြေညာဘူး။စက်သုံးဆီ လုပ်ငန်းရှင်တွေဆိုရင်လည်း ဗဟိုဘဏ်က ထုတ်ပေးတဲ့ ဒေါ်လာပေါ် ချိန်ဆပြီးသွင်းကြတာ။အချိန်ကြာလေလေ ကုန်စည်စီးဆင်းမှုရော စက်ရုံ လုပ်ငန်းစုတွေပါ ထိကြလိမ့်မယ်။အကျိုးဆက် တွေကတော့ နောက်ဆုံး ပြည်သူလူထုဆီပဲ လာမှာပေါ့”လို့ ပြည်ပ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စက်သုံးဆီလိုသလောက်မရတော့တဲ့အခြေအနေတွေက မှောင်ခိုစျေးကွက်နဲ့ ခရီးစရိတ်မြင့်တက်လာမယ့်အခြေအနေတွေက အနီးစပ်ဆုံးလူထုအပေါ် သက်ရောက်မှုလို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့ ရေနံစိမ်းစျေးကွက်အရ ရေနံတစ်စည်ကို ၆ ရာခိုင်နှုန်းကျော်( ငါးဒေါ်လာ နီးပါး) စျေးတက်နေပြီး ဒေါ်လာတစ်ရာ ဝန်းကျင်ထိရောက်နိုင်တယ်လို့ ရေနံစျေးကွက် လေ့လာဆန်းစစ်သူ Amarpreet Singhက မနေ့က ပြောထားပါတယ်။

ပြည်တွင်း စက်သုံးဆီစျေးတွေအရလည်း ပြီးခဲ့တဲ့အပတ်ကထက် စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၈၀ဝန်းကျင်စျေးတက်လာပါတယ်။

လွန်ခဲ့တဲ့ ၅နှစ် စစ်တပ် အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်မှာ ပြည်တွင်းစက်သုံးဆီစျေးက ဓါတ်ဆီ 95 တစ်လီတာ ကျပ် ၅၁၀ ၊ 92 တစ်လီတာ ၄၀၄ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၄၅၀ နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ကျပ်သာ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။