မတ်−၄၊၂၀၂၆။နေ့သစ်၊တာရာ/People’s Spring
စက်သုံးဆီရက် ၄၀ စာလုံလောက်ပြီး ဆီတင်သင်္ဘောတွေလည်းလာနေတယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပေမယ့် မြေပြင်မှာ စက်သုံးဆီအရောင်းဆိုင်အချို့ ဆီစပြတ်နေသလို ဆီဝယ်ဖို့တန်းစီတဲ့ယာဥ်တန်းတွေလည်းရှည်လာပြီဖြစ်ပါတယ်။
“ ဇော်မဲလုံးကသာ စက်သုံးဆီပြတ်လပ်စရာ အကြောင်းမရှိဘူး ပြောနေတယ်။ အပြင်မှာ ဆီဆိုင်တွေက တန်းစီနေတာ ကားတွေပြည့်ကြပ်နေတာပဲ။ ဒီနေ့ဆို ဆီရဖို့ကို ၁ နာရီကျော် ၂နာရီ နီးပါးလောက် တန်းစီလိုက်ရတယ်။ တနေကုန် ဘာအလုပ်လုပ်မှ မရဘူး။ ဆီဆိုင်မှာတင် အချိန်ကုန်နေတယ်” လို့ရန်ကုန်မြို့ကပြည်သူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့မှာ စက်သုံးဆီဆိုင်တွေမှာဆီဝယ်ယူဖို့ ယာဉ်တန်းရှည်တွေ ဖြစ်ပေါ်နေပြီး အချို့အရောင်းဆိုင်တွေက ဆီရောင်းစရာမရှိတော့လို့ ဆိုင်ပိတ်ထားရတယ်လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement
“ မနက်အစောပိုင်းကတည်းက တန်းစီနေရတယ်။ အရှေ့မှာ ကားအစီး ၃၀ လောက်ရှိတယ်။ ဝယ်လို့ရတာလည်း တစ်သိန်းဖိုးပဲ ကန့်သတ်ထားတယ်။ တချို့ဆိုင်တွေကတော့ ပိတ်ထားတာတွေရှိတယ်” လို့ အထက်ပါအငှားယာဥ်မောင်းကပြောပါတယ်။
မန္တလေးမြို့မှာလည်း စက်သုံးဆီကို ပြန်လည်တန်းစီဝယ်ယူနေရပြီး နာရီပိုင်းကြာအထိ စောင့်ဆိုင်းနေရကြောင်း မြို့ခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၄ ရက်ကစပြီး စက်သုံးဆီတွေ ပြန်လည်တန်းစီဝယ်ယူနေရတဲ့ မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းမှာတော့ ဆီဆိုင်အားလုံး တန်းစီကာ ဝယ်ယူနေရပြီဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
“ မနက် ၅ခွဲထတန်းစီတာကို ကားတန်းကြီးက အရှည်ကြီးပဲ။တချို့က ညထဲကတန်းကြတာ” လို့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက မတ်လ ၃ရက်မှာ စက်သုံးဆီနဲ့ပတ်သက်ပြီး မတ်လ ၇ ရက်ကစပြီး စုံ ၊မ အလှည့်ကျသာဆီဝယ်ရမယ်လို့ ကြေညာချက်တစ်စောင် ကနဦးထုတ်ပြန်ပါတယ် ။ အဲဒီနောက်မတ်လ ၄ရက်မှာတော့ စက်သုံးဆီနဲ့ပတ်သက်ပြီး ကြေညာချက် သုံးစောင်ထပ်မံထုတ်ပြန်ခဲ့တာပါ။
ပြည်သူတွေဟာ စစ်ကောင်စီပြောရင် အလွယ်တကူမယုံတဲ့အပြင် မတ် ၄ ရက်ညနေပိုင်းမှာ ကြေညာချက် သုံးစောင် တစ်ခုပြီးတစ်ခု ဆက်တိုက်ထုတ်ပြန်တာလာဟာ စက်သုံးဆီလုံလောက်တယ် စိတ်မပူကြဖို့ပြောပေမယ့် စစ်အုပ်စုကိုယ်တိုင် ပြာယာခတ်နေတာကြောင့် စက်သုံးဆီ ရက် ၄၀ စာလုံလောက်တယ်ဆိုတာကိုမယုံကြည်သူတွေပိုများလာပါတယ် ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရန်စက်သုံးဆီဟာ လာမယ့် ရက်၄၀စာအတွက် ဖူလုံပြီး စက်သုံးဆီတင်သင်္ဘော ၂စီး ဆိုက်ကပ်ထားကြောင်း ဒါ့အပြင် ဆီတင်သင်္ဘော ၁၄စီးလည်း ထွက်ခွာလာနေကြောင်း ပြောခဲ့ပါတယ်။
ဒါပေမယ့် ပြည်သူတွေဟာ စက်သုံးဆီရဖို့ ဆီဆိုင်တွေမှာ တိုးဝှေ့တန်းစီး ဝယ်ယူနေရပါတယ်။ ဒါ့အပြင် မြေပြင်မှာ စက်သုံးဆီအရောင်းဆိုင်အချို့ဟာ ပိတ်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စက်သုံးဆီအခက်အခဲရှိနေလို့ ချွေတာတဲ့အနေနဲ့ ယာဥ်တွေ ရက်အလိုက် စုံရက်၊ မရက်ခွဲပြီး ကိုယ့်ယာဥ်နံပါတ်ပေါ်မူတည်ကာ သွားလာကြဖို့ ထုတ်ပြန်ထားတာပါ။ အဲဒီလို ထုတ်ပြန်မှုအပေါ် ပြည်သူတွေက စစ်ကောင်စီရဲ့ ထုတ်ပြန်မှုအပေါ် လှောင်ပြောင်နေကြပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း “ နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေး အသိပေးထုတ်ပြန်ချက်” ဆိုပြီး ထပ်မံထုတ်ပြန်ထားပါတယ်။
စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြဖို့နဲ့ သက်ဆိုင်ရာဌာနက တရားဝင်ထုတ်ပြန်ပေးလျက်ရှိတဲ့ သတင်းများကိုသာ ယုံကြည်ကြဖို့ လိုကြောင်း၊ တရားမဝင် ကောလာဟလသတင်းတွေကို မယုံကြည်ဖို့နဲ့ ရိမ်စိတ်လွန်ကဲပြီး စက်သုံးဆီကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ခြင်းကို လုံးဝ မပြုလုပ်ကြဖို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ကာလုံကောင်စီကလည်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေအတွက် ဝန်ထမ်းကြိုပို့ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးမှာ အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များနဲ့ ကျောင်းကြို/ပို့ယာဉ်တွေအနေနဲ့ လည်း သုံးစွဲတဲ့အခေါက်ရေ အနည်းဆုံးနဲ့ သုံးစွဲတဲ့ ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင်ကန့်သတ်ဖို့ဆိုပြီးထပ် ထုတ်လာပြန်ပါတယ်။
အဲဒီယာဉ်ပေါ်မှာ စီးနင်းလိုက်ပါသူတွေလည်း သက်ဆိုင်ရာအလုပ်ဌာနများရဲ့ခိုင်လုံတဲ့ အထောက်အထားနဲ့ ထောက်ခံချက်ပါရှိရမယ်လို့ ကန့်သတ်ထားပါတယ်။
အရံစက်သုံးဆီ တွေရှိတယ်ဆိုပေမယ့် ရန်ကုန်ရှိဆိုင်အချို့ဟာ ဆီကုန်သွားလို့ အရောင်းခေတ္တရပ်ထားကြောင်း အသိပေးထားတဲ့ဆိုင်တွေရှိလာပါတယ် ။
“ Ron-92 /Ron-95 စက်သုံးဆီသည်ယာဥ်များသီလဝါတွင် ဆီတင်ရန် စောင့်ဆိုင်းနေပါသဖြင့် စက်သုံးဆီ သယ်ဆောင်ယာဥ်များ ရောက်ရှိလာချိန်အထိ အရောင်းခေတ္တရပ်နားထားပါကြောင်းလေးစားစွာအသိပေးအပ်ပါသည်။” လို့သာကေတကဆိုင်တစ်ဆိုင်ကကြေညာထားပါတယ် ။
ဒါပေမယ့် သီလဝါကနေ ဆီသည်ယာဥ်တွေကို ဆီထပ်ဖြည့်မပေးလို့ ဆီသည်ယာဥ်တွေရောက်မလာဘူးလို့ ဆီဝယ်ဖို့တန်းစီခဲ့သူအချို့ကပြောပါတယ်။
“ မတ်လ ၇ ရက်နေ့ကျရင်လည်း လာဦးမယ် စုံရက်၊ မရက်ပဲ ကားတွေ လမ်းပေါ်ထွက်ခွင့်ရှိမယ်။ တကယ်လို့ အလုပ်ကိစ္စ မဖြစ်မနေ သွားရမယ်ဆို ဘယ်လိုလုပ်မလဲ။ အလုပ်ကိစ္စချိန်းရင် စုံရက်၊ မရက် ဆိုပြီး လုပ်နေရတာမှ မဟုတ်တာ။ ရုံးတွေကလည်း စုံရက်၊ မရက် ဆိုပြီး ပိတ်နေတာမှ မဟုတ်တာ”လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့နေအခြား ပြည်သူတစ်ဦးကလည်း ” အခြား Public Transportation ကလည်း သူများနိုင်ငံလို ကောင်းကောင်းကန်းကန်း မဟုတ်တော့ ရထားတို့၊ ဘက်စ်ကားတို့ ဘယ်လိုစီးလို့ အဆင်ပြေမှာလဲဗျာ။ တကယ့်ကို ဦးနှောက်မဲ့တဲ့ လုပ်ရပ်ပါပဲ။ အခု Taxi တွေ သွားခွင့်ရမယ် ဆိုတော့ Grab ဌားရင်တောင် ပုံမှန်စျေးထက် စျေးကြိုတက်နေပြီ။ ဘယ်တစ်ခုမှ နေလို့မကောင်းတဲ့နိုင်ငံပါ။ မအလ သားသမီးတွေ သွင်းတဲ့ EV ကားတွေ ပိုရောင်းရအောင် ဒီနည်းလမ်းကို လုပ်တယ်လို့ပဲ ထင်ပါတယ်” လို့ ပြောပါတယ်။
စက်သုံးဆီရောင်းအားမြင့်တက်လာတဲ့အခြေအနေတွေကြောင့် မန္တလေး-ပြင်ဦးလွင်လမ်းပေါ်က စက်သုံးဆီဆိုင်အချို့ ပိတ်သိမ်းထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ်ရော ကားပါ အစီးရေရာချီ ရှိနေပြီး နာရီနဲ့ချီကာ စောင့်ဆိုင်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမယ့် ဆီစျေးကတော့ သိသိသာသာမြင့်တက်သွားတာမျိုး မရှိသေးဘဲ 92 တစ်လီတာ ၂၅၃၀ ဝန်းကျင်နဲ့ 95 တစ်လီတာ ၂၅၉၀ ဝန်းကျင်ရှိနေကြောင်း မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာလည်း စက်သုံးဆီကို တန်းစီဝယ်ယူနေရတဲ့ဒုက္ခအပြင် မတ်လ ၇ ရက်မှာစတင်မယ့် စစ်ကောင်စီကန့်သတ်လိုက်တဲ့ ယာဥ်တွေ ရက်အလိုက် စုံရက်၊မရက်ထွက်ရမယ့်အပေါ် ဦးနှောက်ခြောက်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
























































