မတ်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ ဗန်းမော် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်တက်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

KIAတပ်မဟာ(၃)ဒေသ ဗန်းမော်နဲ့ တပ်မဟာ(၅) တပ်ရင်း(၃)ဒေသ ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေး အခြေအနေတွေကို မတ်လ ၄ရက်ညပိုင်းက သတင်းဖော်ပြခဲ့တာပါ။
ဗန်းမော်မြို့ အမှတ်(၁) အထက်တန်းကျောင်းနဲ့ ကံဦးဘုန်းကြီးကျောင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီက KIA ပူးပေါင်းတပ်နေရာယူထားတဲ့ ကန်တော်ရပ်ကွက်အပါအဝင် KIA ပူးပေါင်းတပ်နေရာယူထားတဲ့ နေရာတွေကို လက်နက်ကြီး တိုက်ခိုက်ခဲ့သလို ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်နဲ့ တာမိုင်းလုံရွာအနီး တက္ကသိုလ်ဘက်ကိုလည်း ဒရုန်း ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်လျက်ရှိဟု အသိပေးပါတယ်။

Public Service Announcement
စစ်ကောင်စီက စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ဗန်းမော် ၃မိုင်၊ ခလရ(၂၃၆) ၊ စကခ(၂၁) နေရာတွေဘက်ကို ၁၂၀ မမ၊ ၈၁မမ ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ် မိုင်းနား မှန်ပြတောင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီက KIA တပ်တွေရှိရာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
ဗန်းမော်နဲ့ ဝိုင်းမော်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးထားပေမယ့် ကျဆုံးထိခိုက် အပါအဝင် စစ်ရေးအခြေအနေအသေးစိတ်တော့ ဖော်ပြမထားပါဘူး။
စစ်ကောင်စီဟာ ဝိုင်းမော်မြို့နယ် ဂါးရာယာန် ကျေးရွာဘက်ကိုလည်း လေကြောင်း ဗုံးကြဲခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။
ဝိုင်းမော်ဒေသခံတဦးကတော့ ဒေသတွင်းမှာ တိုက်ပွဲများဆက်ရှိနေပြီးတိုက်ပွဲတွေဟာ စစ်ကောင်စီရဲ့ ခလရ(၅၈)နဲ့ပိုနီးလာပြီဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၈ရက်က ပြောပြထားပါတယ်။ KIA အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ငယ် အချို့ တပ်စွဲထားတဲ့ နေရာအချို့ သိမ်းရခဲ့ကြောင်းလည်း ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၄ အတွင်း ဝိုင်းမော်မြို့နယ်မှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ တပ်စခန်းနေရာတွေ နယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းထိုးစစ်ဆင်နေပေမယ့် ရှေ့မတိုးနိုင်တဲ့အပြင် လက်ကျန် တပ်ရင်းဖြစ်တဲ့ ခလရ(၅၈)ရဲ့ ကာကင်းစခန်းအချို့ကိုပါ ဖေဖော်ဝါရီလအတွင်းတိုက်ပွဲတွေမှာ လက်လွှတ်ခဲ့ရတာရှိပါတယ်။
ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေနေ့စဉ်ရှိနေပြီး မနှစ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ KIA ဆုတ်ခွာပေးခဲ့ရတဲ့ နေရာအချို့ကို အခု ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ ပြန်လည်သိမ်းပိုက်နိုင်တာရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြပေမယ့် KIA သတင်းပြန်ကြားရေးဌာန ကတော့ အခြေအနေ အသေးစိတ် ဖော်ပြမထားပါဘူး။
အခုနှစ်အတွင်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်ဒေသ စစ်ရေး လတ်တလော အခြေအနေတွေကို ထပ်မံမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။


















































