မတ်-၁၃၊၂၀၂၆။ သုည/People’s Spring
မြန်မာလိဂ်ပွဲစဉ်တစ်ပွဲမှာ ပွဲကြည့်ပရိသတ် အမျိုးသမီးကို ထိုးကြိတ်ခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင် မောင်လွင်ကို (၆) လပွဲပယ်နဲ့ ဒဏ်ငွေ ကျပ်သိန်း ၃၀ ချမှတ်ခဲ့ကြောင်း လိဂ်ကော်မတီက ဒီကနေ့ (မတ်လ ၁၃) မှာထုတ်ပြန်ခဲ့ပါတယ်။
မောင်မောင်လွင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က သန်လျင်မြို့နယ် သီဟဒီပကွင်းမှာ ကျင်းပခဲ့တဲ့ ရတနာပုံနဲ့ ရန်ကုန်အသင်းပွဲ လာရောက်ကြည့်ရှုပြီး အော်ဟစ်ဆဲဆိုနေတာ်ဆိုတဲ့ အမျိုးသမီးပရိသတ်တစ်ဦးကို ပထမပိုင်းအပြီး ပွဲရပ်နားစဉ်မှာ ပွဲကြည့်စင်ပေါ်တက်ကာ ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့တဲ့အတွက် ယင်းပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နဲ့ (၁၈)တို့အရ မောင်မောင်လွင်အနေနဲ့ မြန်မာလိဂ်မှ ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေ၊ ဘောလုံးနဲ့ပတ်သက်သော လှုပ်ရှားမှုတွေကို (၆)လအထိ ကစားခွင့် ပါဝင်လုပ်ဆောင်ခွင့် မပြုရန်နဲ့ ဒဏ်ကြေးငွေကျပ်သိန်း(၃၀) ပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း လိဂ်ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ယင်းပြစ်ဒဏ်ကို အခြေပြုပြီး မောင်မောင်လွင်အနေနဲ့ သင်ခန်းစာယူ ဆင်ခြင်သင့်ကြောင်း မြန်မာဘောလုံးပရိသတ်တစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။
“ဒါက မြန်မာလိဂ်မှာ ပြစ်ဒဏ်ကြီးတယ်လို့ ပြောလို့ရပါတယ်။ မောင်မောင်လွင်အနေနဲ့လည်း လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်လို့ ဒီလို ဖြစ်ရပ်မျိုးကို နောက်မဖြစ်အောင် သင်ခန်းစာယူသင့်ပါတယ်။ နိုင်ငံတကာမှာလည်း လူမျိုးရေးခွဲခြားတာမျိုး လုပ်လေ့ရှိတဲ့ ဆိုးသွမ်းပရိသတ်ဆိုတာ ရှိပါတယ်။ ဒါကို ဘောလုံးသမားတစ် ယောက်အနေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်တာထက် ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ ဒိုင် (သို့) ပြိုင်ပွဲတာဝန်ရှိသူတွေက သွားရောက်ပြောဆိုတာမျိုးတွေ ဖြစ်သင့်ပါတယ်။ အခုတော့ သူ့အတွက် နစ်နာစရာ ဖြစ်လာပါတယ်”လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် မောင်မောင်လွင်ရဲ့ ဖြစ်ရပ်အပေါ် အနီကတ်ပြသခြင်း မရှိခဲ့တဲ့ တာဝန်ကျဒိုင်လူကြီး ဦးကျော်ဇေယျာအောင်၊ ပြိုင်ပွဲကြီးကြပ်နဲ့ ဒိုင်ကြီးကြပ်တို့ကို ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့ခြင်းအတွက် အနီးစပ်ဆုံး (၃)ပွဲ ပါဝင်ကိုင်တွယ်ခြင်းမပြုဖို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ချမှတ်ခဲ့ပါတယ်။
မောင်မောင်လွင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ သု၀ဏ္ဏကွင်းမှာ ကျင်းပတဲ့ မြန်မာနဲ့ အင်ဒိုနီးရှား ပွဲစဉ်အပြီးမှာ ပရိသတ်ကို လက်ခလယ်ထောင်ကာ ပြန်လည်ဆဲဆိုခဲ့တဲ့အတွက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ရာထူးက ဖယ်ရှားခံခဲ့ရဖူးပါတယ်။


















































