မောင်မောင်လွင်ကို အနီကတ်မပြ၊ အရေးယူဖို့ ရှိ၊မရှိ လတ်တလောအဖြေမပေးနိုင်သေးဟုဆို
မတ်-၁၂၊၂၀၂၆။ သုည/People’s Spring
ရန်ကုန်မြို့ သီဟဒီပအားကစားကွင်းမှာ ကျင်းပတဲ့ မြန်မာလိဂ်ပွဲစဉ်မှာ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ပွဲကြည့်ပရိသတ် အမျိုးသမီးတစ်ဦးကို ကွင်းပွဲကြည့်စင်ပေါ်အထိ တက်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်း ဘောလုံးအသိုင်းအဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကကျင်းပတဲ့ ရန်ကုန်နဲ့ ရတနာပုံအသင်းတို့ရဲ့ မြန်မာလိဂ်ပွဲစဉ် ပထမပိုင်းအပြီးမှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Public Service Announcement
မောင်မောင်လွင်ဟာ ပထမပိုင်းအပြီး ကွင်းအတွင်းမှ ထွက်ခွာလာစဉ် ပွဲကြည့်စင်ပေါ်မှ အော်ဟစ်ဆဲဆိုနေသည်ဟုဆိုကာ ပွဲကြည့်ပရိသတ် အမျိုးသမီးတစ်ဦးကို စင်ပေါ်အထိ တက်ကာ ထိုးခဲ့တာဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ပရိသတ်တစ်ဦးက ဆိုပါတယ်။
“ဖြစ်တာက ပွဲပထမပိုင်းအပြီးမှာ မောင်မောင်လွင်က ရန်ကုန်အသင်းကို တောက်လျှောက်ဆဲနေတဲ့ အမျိုးသမီးကို တက်ထိုးဖို့ လုပ်တာပါ။ မျက်နှာကို တွန်းထိုးတာ ဖြစ်သွားပေမယ့် သေချာတော့ မထိုးမိလိုက်ပါဘူး။ အဲ့အမျိုးသမီးက မြန်မာပွဲတွေ တောက်လျှောက်လာကြည့်ပြီး သူအားမရတဲ့ ဘောလုံးသမားတွေကို အော်ဟစ်ဆဲဆိုတာမျိုးတွေ အမြဲလုပ်လေ့ရှိပါတယ်”လို့ မျက်မြင်တွေ့ရှိခဲ့သူ ပရိသတ်တစ်ဦးက ဖြစ်စဉ်ကို ပြောပါတယ်။
အဆိုပါပွဲစဉ် တိုက်ရိုက် Live ထုတ်လွှင့်မှုမှာလည်း “ဘာလုပ်တာလဲ။ နင် ဘောလုံးသမားဖြစ်ပြီးတော့ လူပါးမ၀နဲ့နော်။ ပါးကို လာထိုးတယ်။ အရှက်မရှိဘူး။ ဓာတ်ပုံရိုက်ထား” စတဲ့ အော်ဟစ်သံတွေတွေလည်း ကြားရပါတယ်။
ထိုကဲ့သို့ ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ကစားသမားကို ဘောလုံးပြိုင်ပွဲ စည်းမျဉ်းအရ အနီကတ်ပြ ထုတ်ပယ်ရမှာ ဖြစ်ပေမယ့် မောင်မောင်လွင်ကတော့ ပွဲပြီးဆုံးတဲ့အထိ ရန်ကုန်အသင်းမှာ ဆက်လက်ပါဝင်ကစားခဲ့ပါတယ်။
ဒီဖြစ်ရပ်အပေါ် မြန်မာလိဂ်အနေနဲ့ အရေးယူမှု ရှိ၊ မရှိ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောမှာ တိကျတဲ့ အဖြေမပေးနိုင်သေးကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“မောင်မောင်လွင်ရဲ့ ဖြစ်စဉ်အပေါ် အဲဒီနေ့ပွဲရဲ့ ဒိုင်လူကြီးတွေ၊ ပွဲကြီးကြပ်သူတွေရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပါ။ အရေးယူမယ် မယူဘူး ဆိုတာကို လတ်တလောမှာ တိကျတဲ့ အဖြေ မပေးနိုင်သေးပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ဘောလုံးသမား တစ်ယောက်အနေနဲ့ ပရိသတ်ကို အထူးသဖြင့် အမျိုးသမီးတစ်ဦးကို အခုလိုမျိုး ကိုယ်ထိလက်ရောက်ကျူးလွန်မှု မလုပ်ဆောင်သင့်ကြောင့် မြန်မာ့ဘောလုံးပရိသတ်အများစုက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
မောင်မောင်လွင်ကလည်း ယင်းပွဲစဉ်မှာ လူမျိုးရေးခွဲခြားခံရကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပြန်လည်ရေးသားခဲ့တာ တွေ့ရပါတယ်။
မောင်မောင်လွင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ သု၀ဏ္ဏကွင်းမှာ ကျင်းပတဲ့ မြန်မာနဲ့ အင်ဒိုနီးရှား ပွဲစဉ်အပြီးမှာ ပရိသတ်ကို လက်ခလယ်ထောင်ကာ ပြန်လည်ဆဲဆိုခဲ့တဲ့အတွက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ရာထူးက ဖယ်ရှားခံခဲ့ရဖူးပါတယ်။


















































