မတ်-၁၅၊၂၀၂၆။ထားမြတ်၊အိမ်သွင်/People’s
Spring
ကွတ်ခိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေချိန် နမ့်ခမ်းမြို့နယ်ထဲက TNLAတပ်စွဲထားတဲ့နေရာတွေကိုလည်း MNDAAက ဒရုန်းတွေနဲ့တိုက်ခိုက်နေပြီး မြို့ထဲအထိ စစ်ရေးဖော်ဆောင်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
နမ့်ခမ်းမြို့နယ်ထဲက၁၂ မိုင်ကုန်း၊ ပန်ဆေးရွာအနီးကဂိတ်စခန်းတွေကိုMNDAAက တိုက်ခိုက်နေတယ်လို့သတင်းတွေထွက်ပေါ်နေသလို နမ့်ခမ်းမြို့နဲ့ကိုးမိုင်ကွာက ဖာလင်ရွာကိုလည်း MNDAAကဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Public Service Announcement
“ ဖာလင်ရွာမှာ တော်တော်လေးဆိုးနေတယ်။ဒရုန်းဗုံးတွေကြဲတာ။လူတွေအကုန်ပြေးနေရတယ်။မြို့ထဲကနေ အသံတွေကြားနေရတယ်” လို့ နမ့်ခမ်းမြို့ခံတစ်ဦးကပြောပါတယ်။
၁၂ မိုင်ကုန်းနဲ့ဖာလင်ရွာဟာ နမ့်ခမ်းနဲ့ နမ့်ဖက်ကာကြားထဲမှာ ရှိပြီး လက်ရှိမှာ MNDAAက ဒရုန်းအစင်းရေ ၁၀၀ကျော်သုံးပြီး TNLAစခန်းတွေကို ဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ TNLA စခန်းတော်တော်များများ MNDAA ထိန်းချုပ်သွားပြီ” လို့ စစ်ရေးနဲ့ နီးစပ်တဲ့သတင်းတစ်ဦးကပြောပါတယ်။
နမ့်ဖက်ကာမြို့ဟာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ကွတ်ခိုင်မြို့နယ်မှာပါဝင်ပြီး နမ့်ခမ်းမြို့နယ်ကလည်း ကွတ်ခိုင်မြို့နယ်နဲ့ဆက်စပ်နေပါတယ်။ နမ့်ဖက်ကာမြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ဒေသဖြစ်ပြီး TNLA စခန်းအချို့လည်းရှိနေပါတယ်။
တရုတ်နယ်စပ်မြို့ဖြစ်တဲ့နမ့်ခမ်းမြို့နယ်ကို TNLAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ ခုနှစ်မှာ သိမ်းယူထားခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားလလည်ပတ်နေတာပါ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့တွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီလောက်ကစပြီး ဆက်ဆံရေးတင်းမာပြီးတဲ့နောက် နှစ်ဘက်ညှိနှိုင်းမရခဲ့ဘဲ မနေ့က မတ်လ၁၄ရက်နေ့မှာတော့ MNDAAက TNLAစခန်းတွေကို တိုက်ခိုက်တာကနေ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ MNDAAတပ်တွေဟာ နမ့်ခမ်းမြို့နယ်က TNLAစခန်းတွေကိုလည်း တိုက်ခိုက်မယ်လို့သတင်းတွေထွက်ပေါ်နေသလို မြို့အနီးပတ်ဝန်းကျင်မှာလည်း ဒရုန်းအသုံးပြုပြီးတိုက်ခိုက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။ မြို့တွင်းတိုက်ပွဲတွေဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေပါတယ်။
“ ဆီပြတ်၊မီးပြတ်နဲ့။ အခုအနေပြေးရရင်တောင် ခြေလျင်ပေးရမယ့်အနေအထားရှိတယ်။ မဟာမိတ်တပ်တွေအနေနဲ့ ပြည်သူလူထုရဲ့အသက်အန္တရာယ်ကို ငဲ့ကွက်ပြီး စစ်ရေးတင်းမာမှုကိုလျှော့ချပေးဖို့ တောင်းပန်ပါတယ်” လို့ နမ့်ခမ်းမြို့ခံတစ်ဦးကပြောပါတယ်။
ကွတ်ခိုင်မြို့မှာလည်းမတ်လ၁၄ ရက်မှာ MNDAAက ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း အရပ်သားအချို့ဒဏ်ရခဲ့တယ်လို့သိရပါတယ်။ ဒီနေ့လည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။




















































