မတ်-၂၁၊ ၂၀၂၆။ People’s Spring
မြန်မာပြည်အလယ်ပိုင်းက ငလျင်ဘေးရော၊ စစ်ဘေးရော တွေ့ကြုံခံစားခဲ့ကြရတဲ့ ပြည်သူလူထုအတွက် ရန်ပုံငွေရှာဖွေပွဲနဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှု တစ်နှစ်တာအတွင်း ကြံ့ကြံ့ခံရုန်းကန်ခဲ့ကြတဲ့ ပြည်သူလူထုရဲ့ အခြေအနေကို ထင်ဟပ်နိုင်မယ့် ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လာမယ့် မတ်လ ၂၈ရက်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
လာမယ့် မတ်လ ၂၈ရက်ဟာ စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ၇ဒသမ၇ အဆင့် ငလျင်ကြီးလှုပ်ခတ်ခဲ့တာ တစ်နှစ်ပြည့်ဖြစ်ပြီး ချင်းမိုင်မြို့ Lan Din Cafe မှာ ပြုလုပ်မယ့် ဓာတ်ပုံပြပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲကို မန္တလေးဒေသအရေးပေါ်အခြေအနေကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော်မတီ(EMC-Mandalay)က ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။ ရန်ပုံငွေရှာဖွေပွဲနဲ့အတူ မြန်မာပြည်အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ငလျင်ဒဏ်သင့်ပြည်သူလူထုတွေရဲ့ ဒုက္ခ၊ စစ်ဘေးသင့်ပြည်သူလူထုတွေရဲ့ နေ့စဥ်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ရုန်းကန်ပြေးလွှားနေရတဲ့ မြေပြင်က မှတ်တမ်းဓာတ်ပုံတွေကို ထည့်သွင်းပြသသွားမယ်လို့ ဆိုပါတယ်။
“ငလျင်လှုပ်တဲ့နေ့ကစလို့ အခု လက်ရှိအထိ စစ်တပ်က မန္တလေး၊ စစ်ကိုင်း၊ မကွေး နေရာဒေသအနှံ့အပြားကို နေ့စဥ် ဗုံးကြဲတိုက်ခိုက်တာတွေ၊ စစ်ကြောင်းထိုးတာတွေ၊ အကြမ်းဖက် တိုက်ခိုက်နေတာတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာပဲ စစ်ဘေးရှောင်တွေ အရေအတွက် သိန်းဂဏန်းအရေအတွက်အထိ မြင့်တက်လာတယ်။ မြင့်တက်လာတဲ့ သိန်းချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာဒေသအသီးသီးက စစ်ဘေးရှောင်ပြည်သူတွေက ထိရောက်တဲ့ လူသားချင်းစာနာမှုအကူအညီ ရရှိဖို့က အခက်အခဲရှိနေတယ်” လို့ EMC-Mandalay အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

Public Service Announcement
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်အပြီး နိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ စစ်ဘေးဒုက္ခကြောင့် စစ်ဘေးရှောင်ဦးရေမှာ လူပေါင်း ၂ သိန်းကျော်အထိတိုးပွါးလာပြီး နေရပ်စွန့်ခွါထွက်ပြေးနေကြရတယ်လို့ အထက်ပါအဖွဲ့က ဆိုပါတယ်။
ငလျင်ဘေး၊ စစ်ဘေးများကို အလယ်ပိုင်းဒေသ ပြည်သူတွေဟာ ခါးစည်းခံနေကြရပြီး ငလျင်ဖြစ်ပြီး တစ်နှစ်အကြာမှာလည်း ရှင်ကျန်ရစ်သူ အများအပြားဟာ လုံလောက်တဲ့ အကူအညီတွေကို မရရှိခဲ့ကြဘူးလို့ ထုတ်ပြန်ပါတယ်။
“ဒီလူထုအတွက် အရေးတကြီးစားနပ်ရိက္ခာအပါအဝင် နေရာထိုင်ခင်း၊ မိုးကာ၊ စောင်၊ ခြင်ထောင်တွေဆိုတာ အရေးတကြီး ချက်ချင်းလိုအပ်နေတဲ့ အရာတွေ ဖြစ်တယ်။ ဒါတွေအားလုံး ထွက်ပြေးတိမ်းရှောင်တဲ့ လူတိုင်း၊အိမ်ထောင်စုတိုင်းအတွက် ထောက်ပံ့ပေးဖို့ မတတ်နိုင်ကြဘူး။ ဒါကြောင့် ဒီရန်ပုံငွေပွဲကနေ ငလျင်ဘေးရော၊ စစ်ဘေးရော ထိခဲ့တဲ့ ပြည်သူလူထုတွေ၊ စစ်ဘေးကြောင့် လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူလူထုတွေအတွက် အရေးတကြီး ချက်ချင်းလိုအပ်နေတဲ့ လိုအပ်ချက်တွေကို တစိတ်တပိုင်းဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်”လို့ မမေနှင်းက ရှင်းပြပါတယ်။
အထက်ပါ ဓာတ်ပုံပြပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲကရရှိတဲ့ ရန်ပုံငွေအားလုံးကို ငလျင်ဘေးသင့်ပြည်သူတွေနဲ့ နေရပ်စွန့်ခွာနေရသူတွေကို ကူညီထောက်ပံ့တဲ့နေရာမှာ ရာနှုန်းပြည့် အသုံးပြုသွားမှာဖြစ်တယ်လို့ EMC-Mandalay က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက တနှစ်တာ ပဋိပက္ခ အခက်အခဲတွေကို တနှစ်တာကြံ့ကြံ့ခံခဲ့တဲ့ပြည်သူတွေကို ဂုဏ်ပြုဖို့၊ သူတို့နဲ့အတူရပ်တည်ပြီး ကူညီထောက်ပံ့ဖို့ ဖိတ်ခေါ်ထားပါတယ်။
၂၀၂၅ မတ်လ ၂၈ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် အသက်ပေါင်း ၅,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသလို လူပေါင်း ၁၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး မိသားစုများစွာ အိုးအိမ်နဲ့ လုပ်ငန်းကိုင်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


















































