မတ်-၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူလူထုကို သတ်မှတ်မှုန်းထားနဲ့ အလှူခံတာ၊ ဆက်ကြေးကောက်တာတွေကို ခွင့်ပြုထားတာမရှိကြောင်း ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် အမှတ်-၁တပ်ရင်း၊၃၈၀၁က မတ်လ ၂၄ရက်မှာ ထုတ်ပြန်ခဲ့ပြီး တကယ်လို့ သာယာ၀တီခရိုင် တပ်ရင်း(၁) ကွပ်ကဲမှုအောက်တပ်တွေက အဲဒီလို လုပ်ရပ်တွေ ပြုလုပ်ရင် တိုင်ကြားဖို့ ထုတ်ပြန်ထားပါတယ်။
သာယ၀တီခရိုင် တပ်ရင်း (၁) -တပ်ရင်း (၃၈၀၁)ရဲ့ စိုးမိုးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ဘက် ကျေးရွာတွေမှာ တပ်ရင်းကွပ်ကဲမှုအောက်ရှိ တပ်ရင်းရုံး၊ တပ်ခွဲတွေနဲ့ လက်ရုံးတပ်ဖွဲ့တွေက လူထုထံ ဆက်ကြေးကောက်တဲ့ လုပ်ရပ်တွေလုပ်ရင် ပြည်သူတွေအနေနဲ့ တပ်ရင်း Facebook Page Messenger နဲ့ Telegram Account @P23801 သို့ ခိုင်လုံတဲ့ သက်သေနဲ့အတူ တိုင်ကြားဖို့ အသိပေးချက် ထုတ်ပြန်ခဲ့တာပါ။
” စိုးမိုးနယ်မြေဖြစ်သော နတ်တလင်းမြို့နယ်အရှေ့ဘက်ရှိ ကျေးရွာများတွင်စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းဝယ်ယူဖြည့်တင်းနိုင်ရန်အတွက် တပ်ရင်း(၃၈၀၁)ကွပ်ကဲမှုအောက်ရှိ တပ်ရင်းရုံး၊ တပ်ခွဲများနှင့် လက်ရုံးတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ ပြည်သူလူထုအပေါ် ပြုမူဆက်ဆံရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူမှလိုလိုလားလားဖြင့် ထောက်ပံ့ကူညီမှုပေးမှသာလျှင် တပ်ရင်း/တပ်ခွဲများအနေဖြင့် လက်ခံရယူရန် တပ်ရင်းမှူးမှခွင့်ပြုထားခြင်းဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

Public Service Announcement
သာယာ၀တီခရိုင် တပ်ရင်း(၁) အနေနဲ့ နတ်တလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ အရက်သေစာများ ရောင်းဝယ်ဖောက်ကားခြင်း လုံး၀ မပြုလုပ်ဖို့၊ ဖဲ၀ိုင်း ၊ ကြက်၀ိုင်း ဂျင်၀ိုင်း အပါအဝင် လောင်းကစား၀ိုင်းများ လုံး၀ လုံး၀ မပြုလုပ်ဖို့ စတဲ့ စည်းကမ်းတွေလည်း ထုတ်ပြန်ထားပြီး မလိုက်နာရင် အရေးယူမယ်လို့ အသိပေးထားသလို ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
သာယာ၀တီခရိုင် တပ်ရင်း(၁)ဟာ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က တပ်ရင်းဖြစ်ပါတယ်။သာယာ၀တီခရိုင် တပ်ရင်း(၁)ဟာ အခြား PDF တပ်ရင်းတွေနဲ့ အတူပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လျက်ရှိပါတယ်။


















































