ကရင်နီ(ကယား)ပြည်နယ် စစ်ဆင်ရေးတွင် ဒဏ်ရာများအပြင်းအထန်ရရှိခဲ့ပြီးအသက်ရှင်ကျန်ခဲ့သော်လည်း ဆေးဝါးလုံလောက်စွာမရရှိသည့်အတွက် နည်းများမဆို လှူဒါန်းပေးရန် စစ်ကောင်စီတပ်သားတစ်ဦးက ၎င်း၏လူမှုကွန်ယက်မှတဆင့် အလှူငွေကောက်ခံလျက်ရှိသည်။
တပ်ကြပ်ဇင်မင်းထက်အောင် ဟု ဆိုသည့် စစ်ကောင်စီတပ်သားသည် ၂၀၂၂ ခုနှစ် ခြောက်လပိုင်း၌ ကယားပြည်နယ်ကိုစစ်ဆင်ရေးဝင်ရောက်ခဲ့ပြီး ၂၀၂၃ သုံးလပိုင်း ၇ ရက်နေ့တွင် ကရင်နီတော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“ကျွန်တော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျွန်တော်နဲ့အတူ ငါးယောက် ထိခိုက်ခဲ့ပြီး လေးယောက်ကတော့ ကျဆုံးသွားပါတယ်။ကျွန်တော်တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့ပြီး နေပြည်တော်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ပထမအကြိမ်ဆေးရုံဆင်းတယ်။နောက်တစ်ကြိမ်ဆေးကုသမှုခံယူတယ်။ဆေးတွေပေးပါတယ်ဆိုပေမယ့်လည်း တစ်ပါတ်တန်သည် ၊တစ်လတန်သည်၊ နှစ်လတန်သည် စာ ပဲပေးတဲ့အချိန်မှာ ကျွန်တော်လည်း ရက်ချိန်းနဲ့ ဆေးနဲ့က မမျှဘူး။

မလောက်တော့ ကြတော့ ကျွန်တော့်မှာ ဝယ်သောက်နေရတဲ့ဗျ။အဲဒါကြောင့် ကျွန်တော့်ကို ချစ်တဲ့အမျိုးတွေအားလုံးကို အလှူခံပါတယ်ဗျ။ကျွန်တော် ဆေးဖိုးလေးအလှူခံပါတယ်”ဟု စစ်ကောင်စီတပ်သား ဇင်မင်းထက်အောင်က ပြောသည်။

Public Service Announcement
ရုပ်သံဖိုင် မှတ်တမ်းအရ ၎င်း၏ မျက်နှာ ၊ လက် ချောင်းများနှင့် ညာဘက်ကျောပြင်တို့တွင် အပြင်းအထန်ထိခိုက်ဒဏ်ရာများရရှိထားပြီး လက်ချောင်းအချို့မှ ပြတ်နေသလို ကျန်လက်ချောင်းများမှာလည်း ပူးကပ်နေပြီးအလုပ်မလုပ်တော့ဟု အသိပေးထား သည်။ မီးလောင်ကျွမ်းထားသောဒဏ်ရာ မှ ကျန်ရစ်သောအမာရွတ်များစွာတွေ့ရပြီး ညာဘက်လက်ပြင်တွင် အဆိုးဝါးဆုံးဖြစ်သည်။အောက်ပိုင်းတွင်လည်းခြေထောက်မှ ပေါင်ရင်းအထိ့ဒဏ်ရာများရရှိခဲ့ကြောင်း၎င်းကပြောကြားထားသည်။
၎င်းသောက်ရသည့် ဆေး နှင့် လက်ရှိကုန်စျေးနှုန်းကြီးမြင့်တက်နေသည့် ကာလကြောင့် ဆေးဖိုးဝါးခ မှာ အမှန်တကယ်အခက်အခဲ ရှိ၍ဟု ဆိုသည်။
“နည်းများမဆို ၅၀ တက်နိုင် ၅၀ပေါ့။ ၁၀၀ တက်နိုင် ၁၀၀ လှူပေးကြပါဦးလို့ ဆေးဖိုး တကယ်အခက်အခဲ ဖြစ်လို့ အကူအညီတောင်းရတာပါ”ဟု စစ်ကောင်စီတပ်သားက ပြောသည်။
တပ်ကြပ်ဇင်မင်ထက်အောင်က စစ်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့စဥ်က ဆုတံဆိပ်များရရှိခဲ့သည်ကိုလည်း ၃ မိနစ်ကျော်ကြာသောရုပ်သံဖိုင်တွင် ပြသသည်။ အဆိုပါပိုစ်ကို စစ်ကောင်စီတပ်ထောက်ခံသူများက ပြန်လည်မျှဝေပြီး အလှူငွေထည့်ကြရန် နိုးဆော်ထားသည်ကိုလည်းတွေ့ရသည်။
ယခုဖြစ်စဥ်အရနိုင်ငံတကာ အဆင့်မီစစ်တပ်ဟုကြွေးကြော်နေသော်လည်း မိမိ၏ တပ်သားတစ်ဦးကိုပင်ကောင်းမွန်စွာဆေးကုသ မှုမရှိသည်မှာ စစ်ကောင်စီ(စစ်တပ်)က အောက်ခြေစစ်သားများကို ကျွန်အဖြစ်သတ်မှတ်ထားခြင်းဟု CDM ဗိုလ်ကြီး ထက်မြက်က မှတ်ချက်ပြုသည်။
“ဒါဟာ အခြားသောစစ်ကျွန်တွေအတွက် အကောင်းဆုံးသက်သေပဲ။ အခုလိုအလှူခံတဲ့ video ကြောင့် အရေးတောင် ယူချင်ယူဦးမှာ။ ဒါကိုကျန်တဲ့စစ်သားတွေ သေချာနားလည်သင့်တယ်။ အချို့လည်း နားလည်တယ်။ ဇွတ်ကို အဘမှန်တယ်လုပ်နေကြတာ။ ကိုယ်တိုင်ကြုံမှ သိကြမှာပဲ။ အ

မှန်တော့ အခုလိုအဖြစ်ဆိုးတွေမကြုံချင်ရင် ရအောင်ရုန်းထွက်ရမှာပဲ။ တစ်ကယ်ရုန်းထွက်ချင်ရင် နည်းလမ်းတွေအများကြီးရှိပါတယ်”ဟု ၎င်းက ပြောသည်။
ကရင်နီ စစ်ရေးအချက်အလက်များအရ ယခုနှစ် မတ်လ ၇ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲ မှာပြင်းထန်ခဲ့သည်။
ထို့အတူ မတ်လ ၆ ရက်က သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းခလရ(၅၄)နှင့် နယ်ခြားစောင့်တပ်တို့ ပူးတွဲထိုင်သော ဟွေအွမ်တပ်စခန်းကို ကရင်နီကွန်မာဒိုတပ်ဖွဲ့မှဝင်ရောက်စီးနင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သားအလောင်း ခြောက်လောင်းနှင့် လက်နက်ခဲယမ်းများရရှိခဲ့သည်။
ကရင်နီဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်စစ်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၃၀၀ ကျော်သေဆုံးခဲ့ကြောင်း ကရင်နီပြည်စစ်ရေးအချက်အလက်များစောင့်ကြည့်မှတ်တမ်းတင်နေသော PKPF ကဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူးပေါင်းလာသော စစ်ကောင်စီတပ်သားများမှာ ၂၀၂၂ ခုနှစ်မေလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ့ ၁၅၀ ကျော်ရှိကြောင်း ကရင်နီ ပြည်သူ့ရင်ခွင် မှ သိရသည်။
စစ်ကောင်စီတပ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းငြိမ်းချမ်းစွာဆန္ဒပြသောပြည်သူများကို ပစ်ခတ်အကြမ်းဖက်ခဲ့ရာမှ စ၍ စစ်ခေါင်းဆောင်များအလိုကြ နိုင်ငံတစ်ဝန်း ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး နေအိမ်များမီးရှို့ကာ လူအစုလိုက်အပြုန်လိုက်သတ်ဖြတ်သောစစ်ရာဇဝတ်မှုများ ကျူးလွန်ထားသောကြောင့် ပြည်သူအများစုက စစ်ကောင်စီတပ်ကို ရွံရှာမုန်းတီးနေကြသည်။
