စက်သုံးဆီဝယ်ယူဖို့တန်းစီရင် အပူရှပ်သူ၊သတိလစ်သူများလာ
မတ်-၂၉၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။
မတ်လ၂၉ ရက်နေ့လည်ပိုင်းမှာဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘုရင့်နောင် လမ်းမပေါ်က Denko ဆီဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
“လိုအပ်သည့်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ပေးပြီး မိသားစုနှင့် ဆက်သွယ်ကာနီးစပ်ရာ ပင်လုံဆေးရုံသို့ ပို့ဆောင်ကူညီ မှု့ပြုခဲ့ပါသည်”လို့ အထက်ပါအသင်းက ထုတ်ပြန်ထားပါတယ်။
ရာသီဥတုပူပြင်းချိန်မှာ ဆီတန်းစီရတာကြောင့် ရန်ကုန်အပါအဝင် မြို့နယ်တော်တော်များများမှာ မူးလဲတာတွေ နဲ့ သေဆုံးမှုဖြစ်တာတွေအထိ ဖြစ်နေတာပါ။
စစ်ကောင်စီက စက်သုံးဆီအခက်အခဲကြောင့် ဆီကို သတ်မှတ်ချက်တွေ အမျိုးမျိုးထုတ်ပြန်ပြီး ရောင်းချနေတာကြောင့် ပြည်သူတွေကြားမှာ အဆင်မပြေမှုတွေကြုံနေကြရတာပါ။
စက်သုံးဆီရရှိဖို့အတွက် ယာဉ်ပိုင်ရှင်တွေက ဆီဆိုင်တွေမှာ ညဘက်ကတည်းက တန်းစီနေကြရပြီး နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရတာပါ။ဒါအပြင် ယခုနှစ်နွေရာသီဟာ အပူချိန်ပြင်းထန်လာတာကြောင့် ဆီဝယ်ဖို့တန်းစီရင် မူးလဲမှုတွေဒေသအနှံမှာ မကြာခဏဖြစ်လာပါတယ် ။
“အပူချိန်မြင့်တက်သည့် ကာလလည်းဖြစ် အိပ်
ရေးပျက်ခြင်းလည်းများကြသည့်အတွက် အိမ်မှ ဆီတန်းစီရန်စထွက်သည်နှင့် လိုအပ်သည့် ဆေး
ဝါးပစ္စည်းများ၊ဓာတ်ဆားထုပ်များ၊ရေဘူး၊ရှုဆေးဘူးများကို မိမိနှင့်အတူယူဆောင်သွားပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်ပါကမိသားစုနှင့် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်အား မြင်သာသည့်နေရာတွင် ရေးသားထားခြင်းများ ပြုလုပ်သင့်သလို နီးစပ်ရာ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များကို မှတ်သားထားသင့်ပါကြောင်းသတိပေးနှိုးဆော်အပ်ပါသည်” လို့ အေး
ချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက အကြံပြုထားပါတယ်။
အထက်ပါဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒီရက်မှာ စက်သုံးဆီတန်းစီသူတွေကို ပရဟိတအသင်းတွေ နဲ့ နီးစပ်ရာ ပြည်သူတွေက ရေအလှူ၊ အအေးအလှူ ပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။
မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပိုင်းက ဆီဆိုင်တစ်ဆိုင်မှာ နာရီနဲ့ချီပြီး ဆိုင်ကယ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီခဲ့တဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ညနေ ၄နာရီခွဲလောက်မှာ အိမ်ပြန်ရောက်ချိန် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၅ရက် မနက် ၁၀နာရီကျော်ကလည်း တနင်္သာရီတိုင်းထားဝယ်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီရင်း အသက်(၈၀)ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မူးလဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင်မတ်လ၂၆ရက်ကလည်းရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းမပေါ် ဟာမစ်တစ်မှတ်တိုင်အနီးမှာ အဆိုတော် ပက်ထရစ်တင်ထွန်းဆိုသူဟာ ဆီတန်းစီရင်း သူမောင်းလာတဲ့ တက္ကစီယာဥ်ပေါ်မှာပဲ သတိလစ် ကွယ်လွန်ခဲ့ပါသေးတယ်။


















































