မတ်-၂၉၊၂၀၂၆။ ထားမြတ်/People’s Spring
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။
လတ်တလော ချင်းပြည်အတွင်း စစ်ရေးအခြေအနေတွေကို မေးမြန်းရာမှာ ချင်းညီညွတ်ရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အခြေအနေကို အခုလိုပြောပြတာပါ။
” ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင် ညီညွတ်ဖို့က တော်တော်အရေးကြီးပါတယ်။ အဲဒီလိုမျိုး ညီညီညွတ်ညွတ် သွားမယ်ဆိုရင် ကျနော်တို့ ချင်းပြည်မှာဆိုရင် စကစ ကင်းစင်တာ ကြာလှပြီထင်ပါတယ်ဗျ။ ဒီလိုမျိုး ညီညွတ်ဖို့ လက်နက်ကိုင်အတွက် အရေးကြီးသလို ပြည်သူတွေအတွက်လည်း တော်တော် အရေးကြီးပါတယ်ဗျ။ ဒါကြောင့် ညီညီညွတ်ညွတ်သွားနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ကို ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။

Public Service Announcement
CDF ဟားခါးအနေနဲ့လည်း ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီကို ချင်းတော်လှန်ရေးတပ်တွေနဲ့အတူ တိုက်ခိုက်နေကြောင်းလည်း ပြောပါတယ်။ စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းနယ်မြေဒေသတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေရာ ဖလမ်းတိုက်ပွဲမှာ CDF ဟားခါးလည်းပါဝင်တိုက်ခိုက်နေကြောင်း ပြောပြတာဖြစ်ပါတယ်။
ဖလမ်းအခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကလည်း ဖလမ်းမှာ စစ်ကောင်စီက လေကြောင်းက တိုက်တာ ကလေးမြို့ဘက်ကနေ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေကြောင်း ပြောပြပါတယ်။
စစ်ကောင်စီတပ်ထိုးစစ်ကို ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့တွေ အတူတကွ ခုခံတိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။
” လောလောဆယ် စစ်ကြောင်း လေးကြောင်း ပုံစံနဲ့ ဖလမ်းဘက်ကို ဝင်လာတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ လက်ရှိကတော့ ထိတွေ့မှုတွေ ပြင်းပြင်း ထန်ထန်တော့ မရှိသေးဘူး ဒါပေမဲ့ နေ့တိုင်းတော့ အသေးစား ပစ်ခတ်မှုတွေရှိတယ်။ နောက်ပြီးတော့ ဒရုန်းနဲ့ သူတို့ဘက်ကနေ ကျွန်တော်တို့ဘက်ကို တိုက်တယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဘက်ကို ထိုးဖောက်လို့မရအောင် ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်။ စစ်ကြောင်းကတော့ လေးကြောင်းဖြစ်ပြီးတော့ ဖလမ်းအနီးတဝိုက် ၁၃ မိုင်၊ ၁၅ မိုင် နောက်ပြီးတော့ မိုင် ၂၀ အကွာအဝေးတွေမှာ ရှိပါတယ်။ စစ်ကြောင်းက ဖလမ်းနဲ့ နီးပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ဘက်ကနေ ထိုးလို့မရတဲ့ အခြေအနေမျိုးမှာရှိတယ်။ ကျွန်တော်တို့ ချင်းကာကွယ်ရေး ချင်းလဲန်းကောင်စီဘက်ကပဲ ဖြစ်ဖြစ် ချင်းညီနောင်ဘက်ကပဲ ဖြစ်ဖြစ် အတက်နိုင်ဆုံး ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။
ချင်းတမျိုးသားလုံးညီညွတ်ရေး နဲ့ပတ်သက်ပြီး မေးမြန်းရာ ဆလိုင်းတင်မီက ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ဘုံရန်သူကို တိုက်ခိုက်ဖို့ဖြစ်ပြီး ဖလမ်းမြို့နယ်ထဲမှာ ချင်းလဲန်းကောင်စီဘက်က ရဲဘော်တွေ၊ ချင်းညီနောင်က ရဲဘော်တွေ ရှေ့တန်းမှာစည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်နေတယ်လို့ အသိပေးပါတယ်။
” ဒီဟာတွေက တဖြည်းဖြည်းချင်း ချင်းရဲ့စည်းလုံးညီညွတ်မှုတွေ ဖြစ်စေ မှာပါ။ နောက်ပြီးတော့ တဖက်ကလည်း ပထမဆုံးအရေးကြီးတာက ဘုံရန်သူကို ပထမအရင် ခုခံကာကွယ်မောင်းထုတ်နိုင်မှ ချင်းအမျိုးသားရေး စည်းလုံးညီညွတ်မှုတွေက နောက်ပိုင်းဆိုရင် တဖြည်းဖြည်းလာမှာ ဖြစ်ပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။
ဘုံရန်သူကိုကာကွယ်ပြီး ချင်းပြည်မှာ သိမ်းစရာရှိတဲ့မြို့တွေကို သိမ်းနိုင်ဖို့ ဆက်လုပ်သွားရမယ်လို့လည်း ဆလိုင်းတင်မီက ပြောပါတယ်။
လက်ရှိမှာ ချင်းပြည်နယ် မြို့နယ် ၉ခုအနက် ၆မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ချင်းမြောက်ပိုင်းက တွန်းဇံ၊ ဖလမ်း မြို့နယ်တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး ပလက်၀မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့နယ်တွေမှာဆိုရင်လည်း စစ်ကောင်စီဟာ မြို့ပေါ် လောက်သာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်လှုပ်ရှားနေတာဖြစ်ပါတယ်။





















































