ရှမ်းမြောက်ခရီးစဉ်မှာ MNDAA၊ TNLA၊ SSPP တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေဆက်မဖြစ်ဖို့၊ တော်လှန်ရေးခရီး လက်တွဲလျှောက်ဖို့ ပြောခဲ့ဟု KIA ပြော
ဧပြီ−၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်မှာ ဒေသခံ ကချင်လူထု၊ ပလောင်လူထုတွေနဲ့ တွေ့ဆုံခဲ့သလို ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရှမ်းတပ်မတော်(SSPP/SSA) တို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်၊ KIO အထွေထွေအုပ်ချုပ်ရေးဌာန ဌာနမှူး ဒူကဘာဇော်ရော် တို့ ပါဝင်တဲ့ အဖွဲ့ဟာ ဧပြီ ပထမပတ်မှာ KIA သိမ်းပိုက်ထားတဲ့ နမ့်ဖက်ကာ ဒေသ အပါအဝင် ရှမ်းမြောက်ဒေသ ခရီးစဉ်သွားရောက်ခဲ့မှု နဲ့ပတ်သက်ပြီးမေးမြန်းမှု အပေါ် ဗိုလ်မှူးကြီးနော်ဘူက ဧပြီ၈ရက် မွန်းလွဲပိုင်းမှာ အခုလို ပြောပြတာပါ။

Public Service Announcement
“ကျနော်တို့ဘက်ကနေဆို တောင်ပိုင်းမှာရှိတဲ့ ကျနော်တို့ တပ်တွေ ဌာနတွေ ကျနော်တို့ရဲ့ အဖွဲ့သားတွေကိုလာကြည့်ရင်းနဲ့ အားပေးသွားတာရှိပါတယ်။ ရှမ်းမြောက်ဘက်မှာ ကျနော်တို့ရဲ့ဝန်ထမ်းတွေနဲ့ တွေ့တာရှိသလို အဲဒီနေရာမှာရှိနေတဲ့ ပြည်သူလူထုတွေနဲ့လည်း တွေ့ဖြစ်တယ်တဲ့။ တွေ့တယ်ဆိုတာကတော့ ကျနော်တို့ ကချင်လူထုတွေ တခြားသော ပလောင်ပေါ့နော် တိုင်းရင်းသူ တိုင်းရင်းသားတွေနဲ့လည်း တွေ့တယ်တဲ့။ တွေ့ပြီး အားပေးထားတာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA) အကြား မတ်လ လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီးလည်း KIO ခေါင်းဆောင်တွေက အခုလို ပြောကြားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ TNLAနဲ့ MNDAA တို့ဟာနယ်မြေ၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြဿနာ ဖြစ်ပွားမှု အကြောင်းပြုပြီး MNDAAက TNLA သိမ်းပိုက်ထားတဲ့ကွတ်ခိုင်မြို့ အပါအဝင် TNLA တပ်စခန်းနေရာအချို့ကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်ညှိနှိုင်းပြီး အပစ်ရပ်စဲထားပြီးဖြစ်ပါတယ်။
“ လွန်ခဲ့တဲ့ လလောက်မှာMNDAAနဲ့ TNLA ပဋိပက္ခဖြစ်နေတာ အဲဒါကတော့ ကျနော်တို့အားလုံး အခက်အခဲတခုကို အားလုံး ကျော်ဖြတ်ရမယ့် အချိန်ကာလတခုဖြစ်နေတယ်။ ဒါပေမဲ့ ကျနော်တို့ ပလောင်တိုင်းရင်းသားတို့ ကချင်တိုင်းရင်းသားတို့နဲ့ရှမ်းတိုင်းရင်းသားတို့နဲ့တော့ကွဲလို့ခွဲလို့မရဘူး။ ရှေးယခင်ကတည်းက အတူတူယှဉ်တွဲ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ တော်လှန်ရေးလမ်းစဉ်မှာလည်း အတူတူ လျှောက်လှမ်းတဲ့တိုင်းရင်းသား အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒါကြောင့် အချင်းချင်းကူညီ လက်တွဲပြီးမှနေကြဖို့ပြောထားတာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းမှု အပေါ် ဖြေကြားပါတယ်။
ဒါ့အပြင် ခရီးစဉ်မှာ ကိုးကန့်တပ် MNDAA၊ TNLA၊ SSPP တပ်တွေနဲ့ တွေ့ဆုံမှု ရှိခဲ့ကြောင်းလည်း အခုလို ရှင်းပြပါတယ်။
“MNDAAနဲ့လည်းတွေ့တယ်တဲ့။ ပြဿနာ ဆက်မဖြစ်ဖို့ အတူတူ အချင်းချင်း လေးစားဖို့ တန်ဖိုးထားကြဖို့ အတူတူညှိနှိုင်းကြဖို့ အားပေးစကားတွေပြောထားတယ်လို့ ပြောတယ်။နောက် TNLAနဲ့လည်းတွေ့တယ်။SSAနဲ့လည်းတွေ့တယ်တဲ့။ အားလုံးတစုတစည်းနဲ့ ကျနော်တို့ တော်လှန်ရေးခရီးစဉ်တွေကို လက်တွဲပြီးမှ လျှောက်ရအောင် ဆိုပြီးမှ အားပေးစကားတွေပြောထားတယ်လို့သိရတယ်။အတူတူထိုင်ပြီးမှဆွေးနွေးတာမျိုးတွေ သဘောထား ရယူချက် ချမှတ်တာတွေ အစည်းအဝေး မှတ်တမ်းချတာတွေတော့ မရှိဘူးပေါ့။ အားလုံးအဖွဲ့အစည်းဆိုတော့ မိတ်ဆွေဆိုတော့မဟာမိတ်ဆိုတော့ အချင်းချင်း အားပေးတဲ့ စကားလောက်ပဲ ဖြစ်ပါတယ်တဲ့။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ ဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ MNDAA တာဝန်ရှိသူတွေဟာ နမ့်ဖက်ကာ ဒေသမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး TNLAတာဝန်ရှိသူတွေနဲ့ နမ့်ခမ်းဒေသ၊ SSPP တာဝန်ရှိသူတွေနဲ့ မန့်ဝိန်းကြီးဒေသ တွေမှာ တွေ့ခဲ့ကြတာလို့ဆိုပါတယ်။
ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်ဟာ မဟာမိတ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိသလို လူထုတွေကိုလည်း အင်အားဖြစ်စေတယ်လို့ ရှမ်းမြောက်သတင်းရင်းမြစ်က ပြောပါတယ်။



















































