■စစ်တပ်လွှတ်တော်မှာ နယကထိုင်တဲ့အမြင့်ဆုံးခုံပေါ်တက်ထိုင်ခဲ့တဲ့အပေါ်ဝေဖန်မှုမြင့်တက်နေ
ဧပြီ-၁၀၊ ၂၀၂၆။ သော်မွန်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှတ်တော်မှာ သမ္မတအဖြစ် ဒီနေ့ပထမဆုံးမိန့်ခွန်းပြောပေမယ့် သူတစ်ဦးတည်းကပဲ အာဏာအလုံးစုံကို ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မျှော်လင့်လို့ မရနိုင်ကြောင်းနိုင်ငံရေအကဲခတ်တွေက ပြောပါတယ်။
ဧပြီ ၁၀ရက်မှာစစ်တပ်ကြီးစိုးတဲ့ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်နဲ့ သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ ဒုသမ္မတတွေ ကတိသစ္စာပြုခဲ့ကြပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် ၁၈ မိနစ်ခန့်ကြာ မိန့်ခွန်းပြောခဲ့ပါတယ်။

Public Service Announcement
“သမ္မတ တစ်ဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်းရဲ့ သမ္မတ အဖြစ် ပထမဆုံးပြောတဲ့ မိန့်ခွန်းဟာ ပြီးခဲ့တဲ့ အာဏာသိမ်း ကာလတစ်လျှောက်လုံး ပြောလာတဲ့ သူ့ ရဲ့ မိန့်ခွန်းတွေ ထုံးစံအတိုင်းပဲ NLD အစိုးရရဲ့ မဲ မသမာမှုကြောင့် အာဏာကို ရယူခဲ့ရတာနဲ့ပဲ စ ခဲ့တယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ အာဏာရယူခဲ့တဲ့အပေါ် သူအခုထိ လိပ်ပြာမလုံဘူးဆိုတဲ့ ခံစားချက်ကို ပေါ်လွင်နေသလို ရွေးကောက်ခံ သမ္မတ တစ်ယောက်အနေနဲ့ ပထမဆုံး ပြောတဲ့ မိန့်ခွန်းဟာလည်း အာဏာသိမ်းထားတဲ့ သူ တစ်ယောက်အနေနဲ့ပဲ ပြောတဲ့ မိန့်ခွန်းဖြစ်နေတယ်”လို့ နိုင်ငံရေးလေ့လာစောင့်ကြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့မိန့်ခွန်းမှာ ပြောနေကျအကြောင်းအရာတွေ ဖြစ်ပြီး ထူးထူးခြားခြားမပါဝင်ဘဲ ဟန်ပြပြောဆိုမှုတွေသာဖြစ်တယ်လို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက သုံးသပ်ပါတယ်။စစ်တပ်ရဲ့ပြည်ထောင်စုလွှတ်တော်မှာ အာဏာသိမ်းခေါင်းဆောင် ရဲ့ကတိသစ္စာပြု၊ မိန့်ခွန်းပြောတဲ့အခင်းအကျင်းကို ကြည့်ရင်တောင် အယောင်ပြလွှတ်တော်အထက်မှာ မင်းအောင်လှိုင်ရှိတယ်ဆိုတာ ပြသနေတယ်လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ကိုင်စွဲတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေးအာဏာ၊ လွှတ်တော်နာယက/ဥက္ကဋ္ဌဦးဆောင်တဲ့လွှတ်တော် ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ဟာ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးခုအဖြစ်ပါရှိပေမယ့် မင်းအောင်လှိုင်ကို ပြည်ထောင်စုလွှတ်တော်နာယက အောင်လင်းဒွေးက ဦးညွှတ်ခဲ့ရသလို လွှတ်တော်နာယကထိုင်ခုံကိုပါ မင်းအောင်လှိုင် တက်ထိုင်ခဲ့ပါတယ်။ မှတ်တမ်းဓာတ်ပုံတွေအရ ပြီးခဲ့တဲ့ အရပ်သားအစိုးရ သမ္မတဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်မှာ လာရောက် မိန့်ခွန်းပြောတဲ့အချိန်မှာ အဲဒီအချိန်က ပြည်ထောင်စုလွှတ်တော်နာယကက သူတို့ထိုင်ခုံမှာပဲ အမြင့်ကနေ နေရာယူခဲ့ပါတယ်။ ဒီနေ့အခင်းအကျင်းမှာ မင်းအောင်လှိုင်က အမြင့်ဆုံးနေရာမှာ ထိုင်ပြီး နေရာယူခဲ့တာတွေ့ရပါတယ်။ဒီအပေါ် ဖေစ်ဘွခ်လူမှုကွန်ယက်မှာ အာဏာမက်တဲ့ ၊ထိုင်ခိုင်ကိုတောင်အမြင့်မှ ကြိုက်တဲ့ မင်းအောင်လှိုင်ဆိုပြီး ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
မင်းအောင်လှိုင်ဟာ အာဏာရှင်တစ်ဦးပီပီ ဘယ်သူ့ကိုမျှ မယုံဘဲ လုပ်ပိုင်ခွင့်အားလုံးကို သူ့လက်ထဲမှာပဲ ထားကာ သူပဲ ဆုံးဖြတ်ချက်ချမှတ်မယ့်သူ၊ မူဝါဒချမှတ်မယ့်သူအဖြစ် ဗဟိုဦးစီးစနစ်ကျင့်သုံးမယ့်သဘော တွေ့ရတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲရေးအတွက် ၂၀၂၁ စစ်အာဏာသိမ်းချိန်က
တည်းက သူ့လူယုံ၊ လူဟောင်းအမာခံတွေနဲ့ပဲ လက်ရှိ သူ့အစိုးရအဖွဲ့သစ်ကို ထပ်မံဖွဲ့စည်းထားပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် ကြွေးကြော်ပေမယ့် ပြီးခဲ့တဲ့ ၅နှစ်ထက် ပိုမိုဆိုးရွားမယ့် အခြေအနေကို မြန်မာပြည်သူတွေ ရင်ဆိုင်ရနိုင်တယ်လို့ အဲဒီတပ်မတော်အရာရှိကြီးဟောင်းက သုံးသပ်ပါတယ်။
“ပြီးခဲ့တဲ့ ၅ နှစ်က ဒီလူတွေနဲ့ ဒီခေါင်းဆောင်နဲ့ ဒီအဖွဲ့ရဲ့ လက်ရည်ကို မြည်းစမ်းပြီး တွေ့ခဲ့ပြီးပြီ။ လာမယ့် ၅ နှစ်မှာ ဘာဖြစ်နိုင်လဲဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်ကာလအတိုင်းပဲ အဲဒီထက် သာစရာအကြောင်းမရှိဘူး၊ အဲဒီထက် ညံ့ဖို့ပဲ ရှိတယ်”လို့ သူက ဆိုပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီနေ့ မိန့်ခွန်းမှာ သူတို့အစိုးရအနေနဲ့ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ်ကို အညီအမျှ ရရှိစေဖို့၊ မှားယွင်းပြီး အပြစ်စီရင်ခြင်း မခံရဖို့၊ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတပြီး တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့ တရားရုံးများ ဖြောင့်မတ်မှန်ကန်စေဖို့ကို ဦးစားပေး ဖော်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ပြီး မင်းအောင်လှိုင်က သူတို့အစိုးရအနေနဲ့ လူမှုရေး ၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး တို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တို့ကိုလည်း စဥ်းစားဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
“နိုင်ငံတကာနဲ့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး နဲ့ပတ်သက်ပြီး ရည်ညွှန်းပြောဆိုတယ် လို့ ယူဆရတဲ့ ပြောဆိုမှုမှာလည်း အမျိုးသား ဆိုတဲ့ စကားလုံးကို ဖြုတ်ပြီး ပြန်လည်သင့်မြတ်ရေး လူမှုရေးဆိုတဲ့ နိုင်ငံရေး အနှစ်သာရမပါတဲ့ လွတ်ငြိမ်းချမ်းသာမှုပေရေးကို အရိပ်အမြွတ်လောက်သာထည့်သွင်းပြောဆိုခဲ့တာ ကြည့်ရင် အများ မျှော်လင့်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး အရင်ကလို နိုင်ငံရေး အပြောင်းအလဲ တွေ ဖြစ်လာဖို့ ဆိုတာ မျှော်လင့်လို့ မရနိုင်ဘူးလို့လည်းမြင်ပါတယ်”လို့ နိုင်ငံရေးအကဲခတ်က ပြောပါတယ်။
မင်းအောင်လှိုင်ဟာ သူခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး စတဲ့ ကိစ္စတွေကို ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သွားမယ်လို့ ပြောပေမယ့် ပြည်သူလူထုအတွက် အများကြီး မျှော်လင့်လို့ မရနိုင်ကြောင်း အထက်ပါ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းချိန်ကတည်းက ပြည်သူလူထုရဲ့ ပုဂ္ဂလိက လွပ်လပ်မှု၊ အခြေခံနိုင်ငံသားအခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့သလို ရှေ့ဆက်ပြီးလည်း အပြောင်းအလဲမရှိ ဆုံးရှုံးလိမ့်မယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ဒေသတွင်းမှာ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားမယ်၊ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်း မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်မယ် လို့ ပြောပါတယ်။ ဒါပေမဲ့ ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝန်း ပြည်သူလူထုအပေါ် လေကြောင်းဗုံးကြဲသတ်ဖြတ်မှု၊ လူနေအိမ် သိန်းချီ မီးရှို့ဖျက်ဆီးမှုတွေအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ဒေသတွင်းနိုင်ငံတချို့နဲ့ နိုင်ငံတကာမှာ တရားစွဲဆို၊ ဖမ်းဝရမ်းထုတ်ခံထားရတဲ့အခြေအနေက ပြောင်းလဲလာမယ့်အခြေအနေမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဒီနေ့ နေပြည်တော် ကတိသစ္စာပြုပွဲမှာလည်း ရန်ကုန်အခြေစိုက် သံရုံးတချို့က သံတမန်တွေ တက်ရောက်ကြပေမယ့် အာဆီယံနဲ့ ဒေသတွင်းက နိုင်ငံ့ခေါင်းဆောင် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်လို ထိပ်တန်းကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်းက အမြင့်ဆုံးတက်ရောက်တာဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ မဟာမိတ်လို့ ပြောရမယ့် ကမ္ဘောဒီးယား၊ လာအိုလို နိုင်ငံမျိုးတွေက ထိပ်တန်းကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ခြင်းမရှိပါဘူး။ ဒါက စစ်ခေါင်းဆောင်ရဲ့ လူရာမဝင်မှုကို ပြသနေတာလို့ တပ်မတော်အရာရှိကြီးဟောင်းက မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင်ဟာ သမ္မတအဖြစ် ကတိသစ္စာပြုတဲ့နေ့မှာပဲ အာဏာသိမ်းချိန်က ဒုတပ်ချုပ်ဖြစ်တဲ့ စိုးဝင်းကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ညှိကွပ်ဟောင်း မောင်မောင်အေးက အဲဒီကောင်စီရဲ့ အတွင်း
ရေးမှူးနဲ့ မင်းအောင်လှိုင်ရဲ့ အကြံပေးဟောင်း၊ ဝန်ကြီးဟောင်းတွေပါဝင်တဲ့ ကောင်စီအဖွဲ့ဝင် ၉ ဦး စုစုပေါင်း ၁၁ ဦးနဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီကောင်စီထဲမှာ ၈၈ မျိုးဆက်ဟောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ကိုကိုကြီးလည်း ကောင်စီဝင်အဖြစ် ပါဝင်ပါတယ်။ အလားအလာရှိတဲ့နိုင်ငံရေးသမားလို့ တချိန်ကသတ်မှတ်ခံခဲ့ရတဲ့ ဦးကိုကိုကြီးဟာ စစ်ရာဇဝတ်မှုများစွာကျုးလွန်ထားတဲ့ စစ်တပ်လက်အောက်ခံ အတိုင်ပင်ခံကောင်စီမှာပါဝင်လာတဲအပေါ် နိုင်ငံရေးသမားအချို့က သူ့ရဲ့ရပ်တည်ချက်အပေါ် ဝေဖန်နေကြပါတယ် ။ အာဏာ
သိမ်းစစ်တပ်ဟာ ဦးကိုကိုကြီးရဲ့ နိုင်ငံရေးလက်တွဲဖော်ဖြစ်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီကို ကြိုးပေးသတ်ဖြတ်ခဲ့တာဖြစ်ပေမယ့်ဦးကိုကိုကြီးက စစ်တပ်နဲ့လက်တွဲပြီး အလုပ်လုပ်လာတာဖြစ်ပါတယ် ။
“လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေမှာ သူ့ လူတွေ ထည့်ထားတယ်။ အာဏာရ ပါတီလို့ဆိုတဲ့ ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်ပိုင်းမှာလည်း သူ့လူတွေ ထည့်ပြီးပြီ။ အတိုင်ပင်ခံ ကောင်စီမှာလည်း သူ့လူတွေ ဦးဆောင်နေတယ် ဆိုတော့ အစိုးရနဲ့ လွှတ်တော်က သူ့ သဘော သူ့အကြိုက်ပဲ။ တရားရေး ကလည်း ခေတ် အဆက်ဆက် စစ်တပ် ဩဇာ ကို မလွန်ဆန်ရဲခဲ့ဖူးဘူး။ ဆိုတော့ အားလုံးဟာ မင်းအောင်လှိုင် ရဲ့ သဘောဆန္ဒ အောက် လွတ်မြောက်ဖို့ မရှိဘူး”လို့ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
ဒါအပြင် စစ်အုပ်စုရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဟာတရာလွှတ်တော်ရှေ့နေ ဦးကိုနီ အားလုပ်ကြံခဲ့တဲ့သူတွေကို ကူညီပေးခဲ့တဲ့ ဦးလင်းဇော်ထွန်းဖြစ်နေပါတယ် ။ဦးကိုနီ လုပ်ကြံမှုရဲ့အဓိက ကြိုးကိုင်သူဖြစ်တဲ့ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကို နေပြည်တော်သို့ ကားဖြင့် လိုက်ပို့ခဲ့တဲ့ ရောင်ဝါဖြိုးကုမ္ပဏီ ဒါရိုက်တာ ဦးရဲထွဋ်လှိုင်နဲ့ နေပြည်တော်မှာ ငွေ ၁ဝ သိန်း ချေးငှားလိုက်တဲ့ ဦးလင်းဇော်ထွန်းတို့ဟာအမှုမှာတရားစွဲမခံခဲ့ရပါဘူး ။ ဦးလင်းဇော်ထွန်း အပါအဝင် ကူညီပေးခဲ့သူ ၂ ဦးကို တရားမစွဲဆိုခြင်းဟာဦးကိုနီလုပ်ကြံမှုရဲ့အဓိကကွင်းဆက်ကို ပြတ်တောက်စေခဲ့ပါတယ်။


















































