Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားကို ဝိုင်းဝန်းရိုက်နှက်​၊ ရေ​နွေးပူနဲ့​လောင်းတဲ့တရုတ်အလုပ်ရှင်တွေထဲ ၃ ဦးကိုထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံမှာမြန်မာလုပ်သားတစ်ဦးကိုတရုတ်လုပ်ငန်းရှင်တွေကအပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်တဲ့ဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေပြီး ကျူးလွန်တာမှာ ဦးဆောင်ပါဝင်သူ ၃ဦးကို ဖမ်းဆီးမိထားတယ်လို့ ကာယကံရှင်မြန်မာလုပ်သား ကိုသားသားက လူထုနွေဦးကို ပြောပါတယ်။

(တရုတ်အလုပ်ရှင်​တွေနဲ့ ပွဲစား​တွေက ​ဂေါက်တံနဲ့ ဝိုင်းရိုက် ၊​ရေ​နွေးပူအိုး​တွေနဲ့​​လောင်းခဲ့လို့ ဒဏ်ရာ​များစွာရခဲ့တဲ့ ကိုသားသားကို ကူညီ​ပေး​နေတဲ့ထိုင်းမှ လူအခွင့်အ​ရေးတက်ကြွလှုပ်ရှားသူကကြည့်ရှု့စစ်​ဆေးစဥ်။ ဓါတ်ပုံ- กันจอมพลัง ​​ဖေစ်ဘွခ်)

“၅အိုး​မြောက်(​ကိုယ်​ပေါ်​လောင်းချနှိပ်စက်​​နေတဲ့ရေ​နွေးအိုး)​ ပါးစပ်ထဲကို ရေနွေးပူနဲ့လောင်းမယ့်အချိန် ရုန်းထွက်ပြေးတာ။သိလိုက်တယ်သူတို့ အသေသတ်တော့မယ်ဆိုတာ”

− ကျူးလွန်ခံရသူ ကိုသားသား

မေ-၇၊၂၀၂၆။ကိုရှမ်း​လေး/People’s Spring

ထိုင်းနိုင်ငံမှာမြန်မာလုပ်သားတစ်ဦးကိုတရုတ်လုပ်ငန်းရှင်တွေကအပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်တဲ့ဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေပြီး ကျူးလွန်တာမှာ ဦးဆောင်ပါဝင်သူ ၃ဦးကို ဖမ်းဆီးမိထားတယ်လို့ ကာယကံရှင်မြန်မာလုပ်သား ကိုသားသားက လူထုနွေဦးကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ဇာတိဖြစ်တဲ့ အသက်(၂၇)နှစ်အရွယ် မြန်မာလုပ်သား ကိုသားသားဟာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ရောက်ရှိတာ နှစ်လခန့်သာ ရှိပါသေးတယ်။ထိုင်းနိုင်ငံ ၊ရယောင်းပြည်နယ်ကဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေတာလို့ ကိုသားသားက ပြောပါတယ်။

တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်တဦးက အလုပ်သွင်းပေးမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေရာ ပြီးခဲ့တဲ့ ဧပြီလမှာ အလုပ်ပြောင်းပြီး ဧပြီလ ၂၈ရက်မှာ တခြားအလုပ်တစ်ခုကို ပြောင်းလဲ လုပ်ကိုင်ခဲ့တယ်လို့ ကိုသားသားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီလ ၃၀ရက်မှာ တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်နဲ့ အဖွဲ့က ကိုသားသားကို လစာ​ပေးမယ်ဆိုပြီးလာခေါ်လို့ ဆိုပါတယ်။သူ့ရဲ့ လစာက ဘတ် ၂၀၀၀၀ ဖြစ်ပေမယ့် ဘတ် ၁၂၀၀၀ လောက် မရသေးဘူးလို့ သိရပါတယ်။

“ဆိုက်ထဲက သူဌေးဆီကို ၃၀ ရက်နေ့ကြ လာခေါ်တယ်။ပိုက်ဆံထုတ်ပေးမယ်ဆိုပြီးခေါ်သွားတာ”လို့ ကိုသားသားက ပြောပါတယ်။

အဲဒီနောက် ရာယောင်းမှာရှိတဲ့ ​ဟော့​ပေါ့စားသောက်ဆိုင်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာက အခန်းတစ်ခန်းထဲမှာလူတစ်စုက အသင့်စောင့်နေခဲ့ပါတယ်။​စောင့်​နေတဲ့လူစုထဲက တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်အပါအဝင် တရုတ်လူမျိုး ၅ ဦးနဲ့ အခြားတစ်ဦး စုစုပေါင်း ၆ဦးကဝိုင်းဝန်းအကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။

ဂေါက်ရိုက်တံနဲ့ အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့ စတင်လောင်းနှိပ်စက်တယ်လို့ ကိုသားသားက ပြောပါတယ်။ တစ်ယောက်စီ အလှည့်ကျ ပုံစံနဲ့ ဂေါက်ရိုက်တံနဲ့ ရိုက်၊ ရေနွေးပူနဲ့လောင်း အကြမ်းဖက်နှိပ်စက်ခံရမှုဟာ နာရီနဲ့ချီ ကြာခဲ့ပါတယ်။ ရေနွေးပူအိုး ၅အိုးအထိ အလောင်းခံရတယ်လို့ ကိုသားသားက ပြောပါတယ်။

“၅အိုးမြောက် ပါးစပ်ထဲကို ရေနွေးပူနဲ့လောင်းမယ့်အချိန် ရုန်းထွက်ပြေးတာ။သိလိုက်တယ်သူတို့ အသေသတ်တော့မယ်ဆိုတာ”လို့ ကိုသားသားက ပြောပါတယ်။

အလုပ်ရှင်တွေက သူဟာ လုပ်ဖော်ကိုင်ဖက် ရွှေ့ပြောင်း အလုပ်သမားတွေကို လစာသေချာမပေးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆက်မလုပ်ဖို့ မြှောက်ပင့် သွေးထိုးပေးခဲ့တယ်လို့ စွပ်စွဲပြီး အခုလို တိုက်ခိုက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။

တရုတ်​ဆောက်လုပ်​ရေးလုပ်ငန်းရှင်​တွေရဲ့ အဲဒီ စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း၊ လစာပေးတာ နောက်ကျလို့ အလုပ်သမား အများအပြားက သူတို့သဘောနဲ့သူတို့ အလုပ်ထွက်ကုန်ကြတာသာ ဖြစ်ကြောင်းလည်း ကိုသားသားက​ပြောပါတယ်။

ဝန်ထမ်း ၂၀၀ လောက်ရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အများစုဟာလစာမှန်မှန်မရတဲ့ ပြဿနာကြောင့် အလုပ်ထွက်ကုန်ကြကြောင်းလည်း သူက ဆက်ပြောပါတယ်။

သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူတွေက တခြားသူတွေ နှိပ်စက်ခံနေရတဲ့ဗီဒီယိုတွေကိုလည်းပြသပြီး ခြိမ်းခြောက်ခဲ့ကြောင်း၊ ခြေလက် ဖြတ်တောက် ခံထားရသူတွေ၊ ဓာတ်လိုက်ခံနေရသူတွေကို ဗီဒီယိုထဲမှာ မြင်ခဲ့ရကြောင်းလည်း သားသားက ပြောပါတယ်။

သူတို့က သူ့လက်သည်းတွေကိုပါ ပလာယာနဲ့ ဆွဲနုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်သည်းတွေက တိုလွန်းနေတော့ မအောင်မြင်ခဲ့ကြောင်းလည်း သားသားက ဆက်ပြောပါတယ်။

ကိုသားသားဟာ ဟော့ပေါ့ဆိုင်ရဲ့ နောက်ဘက်က တောတနေရာကနေ ထွက်ပြေးပြီး အခြားစက်ရုံဝင်းတစ်ခုအတွင်းဝင်ရောက်ကာ အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။

အခြားစက်ရုံဝန်းကကူညီပေးမှုကြောင့် ထိုင်းရဲ ၂ ဦးက ကိုသားသား လာခေါ်​ပေးခဲ့လို ဧပြီလ ၃၀ရက်ညမှာ ရဲစခန်းလိုက်သွားတယ်လို့ ပြောပါတယ်။

နောက်တနေ့မနက်မှာ ထိုင်းရဲတွေက ကိုသားသားခေါ်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်ခံရတဲ့ နေရာကို လိုက်လံပြသဖို့ ခေါ်သွားတယ်လို့ ဆိုပါတယ်။

“ဟိုရောက်တော့ ဆိုင်ရှင်တွေက မရှိဘူး။ မလာသေးဘူးဆိုပြီး ပြန်လာကြတာ။အဲဒီကရဲတွေက အမြန်လမ်းဘေးတနေရာမှာ ကျနော့် ချထားခဲ့တာ”လို့ ကိုသားသားက ပြောပါတယ်။

လမ်း​ဘေးမှာချထားခဲ့တဲ့အတွက်၅ နာရီကြာ လမ်းလျှောက်နေရာ မြန်မာလုပ်သားတစ်ဦးနဲ့ တွေ့ဆုံလို့ အကူအညီတောင်းရာက မြန်မာအဖွဲ့အစည်းတွေထံ ဆက်သွယ်ပြီး အမှုဖွင့်တိုင်ကြားဖို့ ဖြစ်လာတာလို့ အဲဒီအမှုဖြစ်စဉ်ကို ကူညီပေးနေတဲ့ ကိုနေလင်းသူက လူထုနွေဦးကို ပြောပါတယ်။

“အခုတော့ တရုတ်မ ဆိုင်ရှင်ဆိုတာအပါအဝင် ၃ဦးကို ထိုင်းရဲတွေကဖမ်းထားပြီးပြီ။ဥပဒေအတိုင်းသွားဖို့ လုပ်နေတယ်”လို့ ကိုနေလင်းသူက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်နှိပ်စက်တဲ့ တရုတ်လူမျိုးအဖွဲ့ဟာ ကျားဖြန့်နဲ့ စပ်ဆက်နိုင်မှုရှိကြောင်းလည်း ကိုနေလင်းသူ ​ပြောပါတယ်။

“သူတို့နှိပ်စက်တုန်းကကျားဖြန့်တွေမှာလက်သည်းတွေခွာတဲ့ ဗီဒီယိုဖိုင်ပြလုပ်တာတွေ၊ စကားပြောလာအောင် ပါးစပ်ထဲရေနွေးပူလောင်းထည့်တဲ့ နှိပ်စက်ပုံတွေဟာ ကျားဖြန့်တွေပဲ လုပ်တာ များတယ်”လို့ ကိုနေလင်းသူက သုံးသပ်ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီဖြစ်စဉ် အမှုကို ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီပေးရာမှာ နာမည်ရှိတဲ့ တက်ကြွလှုပ်ရှားသူ ရှေ့နေဖိတန်က လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။

ရှေ့နေဖီတန်ဟာ ကိုသားသားရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မြင်ပြီး အရမ်းတုန်လှုပ်သွားခဲ့မိကြောင်း၊ တစ်ကိုယ်လုံးမှာ ရိုက်နှက်ထားတဲ့ ပေါက်ပြဲဒဏ်ရာတွေ၊ အပူလောင်ဒဏ်ရာတွေ ရထားခဲ့ကြောင်းပြောပြပါတယ်။

ကိုသားသားဟာ ကံကြီးလွန်းလို့ မသေခဲ့တာလို့ ရှေ့နေဖိတန်က မှတ်ချက်ပေးပါတယ်။

အကြမ်းဖက်နှိပ်စက်ခံရတဲ့ မြန်မာလုပ်သား ကိုသားသားဟာ ကျောပြင်နဲ့ ရင်ဘတ်တွေမှာ ရေနွေးပူ နဲ့ လောင်းခံရလို့ ဒဏ်ရာတွေများစွာရထားသလို လက်နဲ့ ခြေထောက်တွေမှာလည်း ဂေါက်ရိုက်တံနဲ့ ရိုက်နှက်ခံရလို့ ဒဏ်ရာတွေ ရထားတယ်လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေနဲ့ အခင်းဖြစ်တဲ့ နေရာတွေကို တိတိကျကျ သိထားတာကြောင့် ဒီအမှုကို ရဲတွေအနေနဲ့ ခက်ခက်ခဲခဲ စုံစမ်းနေဖို့ မလိုလောက်ဘူးလို့လည်း လိုက်ပါကူညီ​ပေး​နေတဲ့ရှေ့နေဖီတန်က ပြောပါတယ်။

ကျူးလွန်ခံရသူဟာ မြန်မာတစ်ဦး ဖြစ်ပေမယ့် အမှုဟာ ထိုင်းနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တာကြောင့် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း၊ ထိုင်းပြည်သူတွေကလည်း နစ်နာသူကို အကူအညီ ပေးနေကြောင်းရှေ့နေဖီတန် ကလူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ဒါအပြင်သူက မြန်မာနိုင်ငံမှာနေထိုင်တဲ့ထိုင်းနိုင်ငံသားတွေကိုလည်း မြန်မာပြည်သူတွေက ကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။