Connect with us

Hi, what are you looking for?

သတင်း

အညာမှာ စစ်ကြောင်းထိုးတာပါတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ရုန်းထွက်ကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန တိုက်တွန်း

အညာဒေသက စစ်တပ်စစ်ကြောင်းတွေမှာ ပါဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ သေတွင်းကနေရုန်းထွက်ကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက တိုက်တွန်းထုတ်ပြန်ပါတယ်။

(စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေအရ မတရားခေါ်ဆောင်ခံရတဲ့ စစ်မှုထမ်းတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

မေ-၂၁၊ ၂၀၂၆ ဟာနာဆန်/People’s Spring

အညာဒေသက စစ်တပ်စစ်ကြောင်းတွေမှာ ပါဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ သေတွင်းကနေရုန်းထွက်ကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက တိုက်တွန်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ပြည်သူ့စစ်မှုထမ်း (ပစ) လူငယ်တွေအနေနဲ့ သေတွင်းကနေ ရုန်းထွက်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့ မေလ ၂၁ ရက်မှာ အသိပေးပါတယ်။

အညာဒေသ လမ်းပိုင်းတွေနဲ့ လယ်ကွင်းတွေအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းအန္တရာယ်များပြားပြီး စစ်တပ်က တပ်မှူးတွေနဲ့ အရာရှိတွေဟာ ၎င်းတို့ရဲ့ သန္ဓေတပ်သားတွေကို ရှေ့တန်းမတင်ဘဲ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ လူငယ်တွေကိုသာ လူသားဒိုင်းသဖွယ် ရှေ့ဆုံးကနေ တိုးခိုင်းနေကြောင်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အတွင်းမှာ စစ်တပ်ရဲ့ သန္ဓေတပ်သားတွေနဲ့ စစ်မှုထမ်း (ပစ) လူငယ်တွေအကြား ခွဲခြားဆက်ဆံမှုတွေ ပြင်းထန်စွာရှိနေပြီး၊ စစ်တပ်က လူငယ်တွေကို ချော့တစ်လှည့် ခြောက်တစ်ခါနဲ့ အသေခံခိုင်းနေကြောင်း အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။

“သူတို့တွေးတာက မင်းတို့က စစ်မှုထမ်းကာလသက်တမ်းပြည့်ရင် အိမ်ပြန်မယ့်ကောင်တွေ။ ဒါကြောင့် မင်းတို့အပေါ်မှာ သူတို့က ရဲဘော်ရဲဘက်စိတ်မမွေးဘူး။ ဒါမင်းတို့အသိဆုံးပါပဲ။ တပ်ထဲမှာကို ပစနဲ့ သန္ဓေ ဘယ်လောက်ခွဲခြားဆက်ဆံခံရသလဲ။ မင်းတို့ကို ချော့၍ တဖုံ၊ ခြောက်၍တမျိုး အသေခံခိုင်းနေတာတွေကို မယုံစားမိစေနဲ့ ညီလေးတို့။”လို့ အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနက ဖော်ပြထားပါတယ်။

လက်ရှိ စစ်ကြောင်းတွေမှာ ပါဝင်နေရတဲ့ စစ်မှုထမ်းလူငယ် အများစုဟာ စစ်တပ်ထံ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်ခဲ့ကြသူတွေမဟုတ်ဘဲ မိသားစုကို အကြပ်ကိုင် ခြိမ်းခြောက်လို့ ဖမ်းဆီးခံရသူတွေ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေကို ကင်းလွတ်ခွင့် ငွေမပေးနိုင်လို့ မတရားရွေးချယ်ခံရသူတွေ၊ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေစဉ် လမ်းခရီးမှာ အတင်းအကြပ် ဖမ်းဆီးခံရသူတွေနဲ့ လူငယ်သဘာဝ သွားလာလည်ပတ်နေစဉ် ရုတ်တရက် ဖမ်းဆီးစုဆောင်းခံရသူတွေဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အညာပြည်သူလူထုဟာ စစ်မှုထမ်းလူငယ်တွေရဲ့ ကြောက်ရွံ့စိုးရိမ်စိတ်နဲ့ ဒုက္ခတွေကို စာနာနားလည်ကြောင်း၊ စစ်အာဏာရှင်စနစ်ကသာ လူငယ်တွေနဲ့ မိသားစုတွေကို အမှောင်ချနေတဲ့ အဓိကရန်သူဖြစ်ကြောင်း အသိပေးထားပါတယ်။

“လာပါ။ရုန်းထွက်ခဲ့ပါ။ အညာလူထုနဲ့ ငါတို့ ရဲဘော်တွေဟာ မင်းတို့ ပစတွေကို စာနာသနားနေကြတယ်။ စစ်တပ်က မင်းတို့အလောင်းတွေကို လမ်းတလျှောက်ခင်းပြီး ရှေ့တိုးနေတာ။ ငါ့ညီလေးတို့မင်းတို့ ဘယ်လောက်ကြောက်နေကြမလဲ။ အစ်ကိုတို့သိတာပေါ့။ လာပါ။ ရုန်းထွက်ခဲ့ပါ။ အညာပြည်သူလူထုက တကယ့် မေတ္တာအစစ်အမှန်နဲ့ ကြိုဆိုနေမှာ။ မင်းတို့ မိသားစုတွေလည်း ငါ့သားလေး သေတွင်းကလွတ်ပြီဆိုပြီး ဝမ်းသာနေကြမှာ။”လို့ အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနက ရေးသားပါတယ်။

ဒါ့ကြောင့် စစ်တပ်ရဲ့ အဓမ္မစေခိုင်းမှုအောက်မှာ အသက်မဆုံးရှုံးစေဘဲ အညာပြည်သူလူထုနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မေတ္တာအစစ်အမှန်နဲ့ ကြိုဆိုမှုကို လက်ခံကာ အမြန်ဆုံး ရုန်းထွက်ကြဖို့နဲ့ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြဖို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ဖိတ်ခေါ်ထားပါတယ်။

လက်တလောမှာ စစ်တပ်က စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ ဘုတလင်၊ ကနီ၊ ယင်းမာပင် စတဲ့ဒေသတွေမှာ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ စစ်တပ်စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ အများအပြားဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook