ဇွန် – ၃ ၊၂၀၂၆
အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားတဲ့ မီးဘေးအတွင်းမှာ အသက်ဆုံးရှုံးခဲ့သူတွေထဲကအတော်များများဟာ နိုင်ငံခြားသားတွေလို့ ယုံကြည်ရကြောင်းလည်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီဟိုတယ်ဟာအနီးမှာရှိတဲ့ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးလာကုတဲ့ နိုင်ငံခြားသား လူနာတွေရဲ့ မိသားစုဝင်တွေ အဓိက တည်းခိုလေ့ရှိတဲ့ နေရာတစ်ခုလို့ ဆိုပါတယ်။ ပြီးတော့ ဆေးရုံက လူနာတွေအတွက် အစား အသောက် ပို့တဲ့ ဝန်ဆောင်မှုလည်း ပေးနေပါတယ်။

Public Service Announcement
မယ်လ်ဗီယာနာဂါရပ်ကွက်ထဲကအဆောက်အအုံ မီးလောင်မှုမှာ လူပေါင်း ၄၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်ထဲမှာ စုစုပေါင်း လူဘယ်နှယောက် ရှိနေသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။
မီးသတ်တပ်ဖွဲ့တွေဟာမီးကိုခပ်မြန်မြန်ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ပြီး ကယ် ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။
မီးလောင်ထားတဲ့နေရာမှာကနဦးအဆင့်လုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် ရဲတွေကို ဝင်ခွင့်ပေးခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူ အေခေမာလစ်က ပြောပါတယ်။
မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပါ။
ဝန်ကြီးချုပ်နာယန်ဒရာမိုဒီကအခုဖြစ်ရပ်မှာထိခိုက်ခံစားရသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ပြီး သေဆုံးသူတွေရဲ့ မိသားစုတွေအတွက်ရူပီး ၂ သိန်း၊ဒဏ်ရာရသူတွေအတွက် ရူပီး ၅ သောင်းစီ ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မျက်မြင်တွေရဲ့အဆိုအရမြေညီထပ်စားသောက်ဆိုင်မှာစတင် လောင် ကျွမ်းခဲ့တဲ့ မီးဟာ အပေါ်ထပ်တွေမှာ ရှိနေသူတွေကို ပိတ်မိသွားစေခဲ့ကြောင်း သိရပါတယ်။
တချို့ကလည်း အနားမှာရှိတဲ့ မွေ့ရာဆိုင်ဆီ အပြေးသွားပြီး မွေ့ရာတွေကို ဆွဲထုတ်လာပြီး အပေါ်ထပ်က လူတွေ ခုန်ချနိုင်အောင် လမ်းပေါ်မှာ ခင်းထားပေးခဲ့ကြပါတယ်။ နှစ်ထပ်နဲ့ သုံးထပ်မှာရှိတဲ့ လူတွေက ခုန်ချခဲ့ကြကြောင်း၊ နောက်တော့ မီးသတ်ကားတွေ ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို လက်လွှဲယူခဲ့ကြောင်းလည်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တာဟာခြောက်ထပ်အဆောက်အအုံဖြစ်ပြီး မြေ အောက်ထပ် တစ်ခုလည်း သီးခြားဖွဲ့စည်းပါဝင်ပါတယ်။
သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ အာရှတောင်ပိုင်း နိုင်ငံတချို့ကလို့ ကနဦး စစ်ဆေး တွေ့ရှိထားပါတယ်။
အိန္ဒိယမှာ အဆောက်အအုံတွေရဲ့ မီးဘေးအန္တရာယ် တားဆီးရေး စံနှုန်းတွေကို တိတိကျကျ လိုက်နာမှု အားနည်းတာကြောင့် လူအသေအပျောက် များပြားတဲ့ မီးလောင်မှုတွေ မကြာခဏ ကြုံရတတ်ပါတယ်။
ကိုးကား – Independent


















































