ဇွန်-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းတုံမြို့နယ်ကအမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်ချီလိတ်တောင်တန်းမှာရှိတဲ့ အဖြိုက်နက်သတ္တုသိုက်ကို တရုတ်နဲ့ရှရှားက အပြိုင်အဆိုင်တူးဖော်ဖို့ကြိုးပမ်းနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF ကထုတ်ပြန်ပါတယ်။
လွယ်ချီလိတ်တောင်တန်းရဲ့တောင်ဘက်မှာတရုတ်ကုမ္ပဏီတစ်ခုက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နဲ့ပူးပေါင်းပြီးအကြီးစားအဖြိုက်နက်သတ္တုတွင်းတစ်ခုကို မကြာသေးမီက စတင်တူးဖော်လည်ပတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင်လွယ်ချီလိတ်တောင်တန်းရဲ့ မြောက်ဘက်တောင်စောင်းမှာရုရှား ကုမ္ပဏီတစ်ခုက စစ်ကောင်စီနဲ့ပူးပေါင်းပြီးတူးဖော်ရေးလုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်နေတယ်လို့ဖော်ပြထားပါတယ်။စစ်အုပ်စုနဲ့ရုရှားကုမ္ပဏီပူးပေါင်းပြီး သတ္တုတူးဖော်မယ့်နေရာဟာထိုင်းနယ်စပ်မှ ၂၀ ကီလိုမီတာခန့်အကွာမှာ ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement
လွယ်ချီလိတ်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၉၇၀ မီတာ ရှိပြီးမိုင်းတုံမြို့နယ်မှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ရှမ်းဘာသာစကားနဲ့ “ချီလိတ်”(Khi Lek) ဖြစ်ပြီး မြန်မာလို “သတ္တုချေး ”လို့အဓိပ္ပာယ်ရပါတယ်။
●ခြေသွက်နေတဲ့ တရုတ်ကုမ္ပဏီ
တရုတ်ကုမ္ပဏီကတူးဖော်နေတဲ့အဖြိုက်နက်သတ္တုတွင်းအသစ်ဟာ မိုင်းကျွတ် ကျေးရွာအုပ်စုမှာရှိပါတယ်။သတ္တုတူးဖော်ဖို့ ပြင်ဆင်မှုတွေကို စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နှစ် ၂၀၂၂ ခုနှစ်မှာ တရုတ်အင်ဂျင်နီယာတွေ ကွင်းဆင်စစ်ဆေးခဲ့ပြီး သတ္တုတွင်းတွေဆီကိုသွားမယ့်လမ်းတွေကို၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း ဖောက်လုပ်ခဲ့ပါတယ်။ မြေအောက် လိုဏ်ဂူတွေပါ တူးဖော်ခဲ့ကြတာလို့ SHRF က ဖော်ပြထားပါတယ်။
သတ္တုတွင်းနယ်မြေရဲ့အောက်ဘက်မှာသတ္တုသန့်စင်စက်ရုံတွေ တည်ဆောက်ခဲ့ပြီးဖတ်ဂွတ်ချောင်းပေါ်မှာလည်း ရေလှောင်တမံတစ်ခု တည်ဆောက်ပြီးစီးနေပြီလို့ထုတ်ပြန်ထားပါတယ်။
သတ္တုတွင်းသုံး စက်ကိရိယာတွေနဲ့ စက်ယန္တရားတွေကို တရုတ်နိုင်ငံမှတစ်ဆင့် မဲခေါင်မြစ်အတိုင်းသယ်ဆောင်လာပြီးစစ်တပ်ရဲ့ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ တာချီလိတ်မြို့ အရှေ့ဘက်ရှိ ဝမ်ပုံဆိပ်ကမ်းကတဆင့် ၂၀၂၅ခုနှစ်ထဲမှာတင်သွင်းလာတာလို့ ဖော်ပြထားပါတယ်။။
သတ္တုတူးတူးဖော်ရေးလုပ်ငန်းတွေကို၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာစတင်ခဲ့ပြီးသတ္တုတွင်းရဲ့ အောက်ဘက်ဒေသမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေရဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေး ၊အသက်မွေးဝမ်းကျောင်း လုပ်ငန်း တွေအပေါ် စတင်သက်ရောက်မှုများ ရှိနေပြီလို့ သတိပေးထားပါတယ်။
အဲဒီလုပ်ငန်းခွင်နဲ့အနီးဆုံးဖြစ်တဲ့ဝမ်ဝရွာဟာသတ္တုတွင်းကနေ စီးဆင်းလာတဲ့စွန့်ပစ်ရေတွေရဲ့သက်ရောက်မှုကို အဆိုးဆုံးခံနေရတယ်လို့သတိပေးထားပါတယ်။ ဝမ်ဝရွာမှာနေထိုင်ကြတဲ့ကလေးငယ်တွေဟာ ၂၀၂၅ခုနှစ်ကစပြီးအရေပြားကူးစက်ရောဂါတွေ ခံစားနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်၂၀၂၅ ခုနှစ် မိုးရာသီအကုန်မှာ သတ္တုတွင်းကနေ စီးလာတဲ့ စွန့်ပစ်ရေများထဲမှ သဲနှုန်းအနည်အနှစ်တွေ တိုက်စားလို့ မိုင်းကျွတ်ရွာအနီးရှိ ဖတ်ဂွတ်ချောင်း အောက်ခြေတစ်လျှောက်ရှိ စပါးစိုက်ခင်းတွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။၂၀၂၅ ခုနှစ်အကုန်မှာ သတ္တုတွင်းရှိ ရေလှောင်တမံ တည်ဆောက်ပြီးစီးသွားပြီးနောက် ဖတ်ဂွတ်ချောင်းရေကို ဆည်ထဲလွှဲပြောင်းဖြည့်တင်းခဲ့တာကြောင့် ဆည်ရဲ့အောက်ဘက်မှာချောင်းရေတွေ ခန်းခြောက်ပြီးဒေသခံတွေလိုအပ်တဲ့ရေအရင်းအမြစ်ကိုထိခိုက်စေခဲ့တယ်လို့ဖော်ပြထားပါတယ်။
သတ္တုတွင်းအနီးက ဖတ်ဂွတ်ချောင်းဟာ သံလွင်မြစ်အတွင်းစီးဝင်တဲ့နမ့်ကျွတ်မြစ်ရေနဲ့သွားရောက်ပူးပေါင်းလို့သတ္တုတွင်းတွေကစွန့်ပစ်ညစ်ညမ်းရေတွေကြောင့်ပတ်ဂွတ်ချောင်းနဲ့နမ့်ကျွတ်မြစ်တစ်လျှောက် ကျေးရွာတွေနဲ့သံလွင်မြစ် တစ်လျှောက် နေထိုင်ကြသူများကိုပါ ထိခိုက်လာမှာကို စိုးရိမ် ပူပန်နေကြရတယ်လို့သတိပေးထားပါတယ်။
အဲ့ဒီသတ္တုတွင်းလုပ်ငန်းခွင်မှာ မန်နေဂျာနဲ့ ကျွမ်းကျင်ပညာရှင်တွေ အပါအဝင် တရုတ်သတ္တုတွင်းကုမ္ပဏီ ဝန်ထမ်း ၁၀၀ ခန့်နဲ့ ရှမ်း၊ဗမာ သတ္တုတွင်းအလုပ်သမား ၂၅၀ ခန့် ရှိနေပါတယ်။ အဖြိုက်နက်ပါဝင်တဲ့ မြေစာခဲတွေကို အမှုန့်များအဖြစ် ဓာတုဗေဒနည်းနဲ့ သန့်စင်ခွဲထုတ်ပြီးဆာလာအိတ်တွေထဲ ထည့်ကာ တရုတ်နိုင်ငံထဲကို ကုန်တင်ကားတွေနဲ့သယ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။ အဲဒီလိုပို့ဆောင်တာမှာ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ တာချီလိတ်နဲ့မိုင်းဖြတ်နယ်ကို ဖြတ်ပြီး မိုင်းလားရှိ တရုတ်နယ်စပ်သို့ သယ်ဆောင်တာလို့ လမ်း
ကြောင်း အသေးစိတ်ကိုဖော်ပြထားပါတယ်။ အဖြိုက်နက်ကို အဓိကတူးဖော်နေတယ်ဆိုပေမယ့် ရွှေနဲ့ခဲသတ္တုသိုက်တွေလည်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံတွေကိုကိုးကားပြီး SHRF က ထုတ်ပြန်ပါတယ်။
▪︎စစ်တပ်နဲ့ပေါင်းပြီး သတ္ထုတူးဖော်ရေးပါလုပ်ချင်လာတဲ့ရုရှား
လွယ်ချီလိတ်တောင်တန်းရဲ့ မြောက်ဘက်တောင်စောင်းမှာ သတ္တုတူးဖို့အတွက် ရုရှားကုမ္ပဏီက စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေပါတယ်။ရုရှားကုမ္ပဏီက ၂၀၂၅ခုနှစ်မေလမှာစတင်ဆောင်ရွက်လာတာဖြစ်ပြီး ရုရှားနိုင်ငံသား သုံးဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတွေနဲ့ပြည်သူ့စစ်တွေနဲ့အတူရောက်ရှိလာတယ်လို့သိရပါတယ်။။
၂၀၂၆ခုနှစ်ဇန်နဝါရီလ၂၈ ရက်နေ့မှာရုရှားနိုင်ငံသား ၁၀ ဦးခန့်ဟာ မိုင်းတုံမြို့နယ် မြန်မာစစ်တပ် ဗျူဟာမှူးနဲ့အတူ လွယ်ချီလိတ်ဒေသသို့ ထပ်မံလာရောက်ခဲ့ပြီး မြေတိုင်းတာ ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါဒေသမှာ ရုရှားကုမ္ပဏီ က အဖြိုက်နက် တူးဖော်ဖို့ နေပြည်တော်က ခွင့်ပြုမိန့်ချပေးထားပြီး ဖြစ်တယ်လို့လည်း ဒေသခံတွေကိုအသိပေးသွားတယ်လို့ SHRF က ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရုရှားကုမ္ပဏီပါဝင်နေတဲ့ အဲဒီစီမံကိန်းကို ဒေသခံတွေကန့်ကွက်ကြဖို့UWSA တောင်ပိုင်းဌာနချုပ်ရဲ့ လက်အောက်ခံ UWSA အုပ်ချုပ်ရေးမှူးတစ်ဦးက တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိခဲမဖြူသတ္တုတွင်း၏ မြောက်ဘက် ၁၅ကီလိုမီတာခန့် အကွာမှာ ရုရှားနိုင်ငံသားတွေက ခနောက်စိမ်း (Antimony) တူးဖော်ခွင့် လုပ်ပိုင်ခွင့်ကိုလည်း ရရှိထားတယ်လို့ သိရကြောင်းလို့SHRF က ဖော်ပြထားပါတယ်။
မိုင်းတုံမြို့နယ်မှာစတင်ဖို့ကြိုးပမ်းနေတဲ့ရုရှားကုမ္ပဏီရဲ့ယယခုစီမံကိန်းတွေဟာရှမ်းပြည်အရှေ့ပိုင်းမှာ လူသိရှင်ကြား ဖြစ်လာမယ့် ပထမဆုံးသော ရုရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေလို့လည်းလို့SHRF က ဖော်ပြထားပါတယ်။ဒါပေမယ့်ဘရုရှားနိုင်ငံဟာ ရှမ်းပြည်တောင်ပိုင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တာ ကာလကြာမြင့်နေပြီလို့ဆိုပါတယ်။ ၂၀၀၄ ခုနှစ်တွင် ရုရှားနိုင်ငံပိုင် Tyazhpromexport (TPE) ကုမ္ပဏီက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပို
ရေးရှင်း (MEC) နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ဟိုပုံးမြို့နယ် ပင်းပက်တောင်မှာသံရိုင်းတူးဖော်ဖို့နဲ့သံမဏိစက်ရုံ တည်ဆောက်ဖို့သဘောတူညီချက် ရယူခဲ့ကြဖူးပါတယ်။
အဆိုပါစက်ရုံစီမံကိန်းဟာလူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှုများရှိခြင်းကြောင့် ဒေသခံလူထုရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရပြီး စီမံကိန်းကာလ အချိန်ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံနဲ့ မြန်မာစစ်ကောင်စီက ယင်းစီမံကိန်းကို အကောင်အထည်ဖော်လည်ပတ်နိုင်ရေး အတွက် ဆက်လက် သန္နိဋ္ဌာန်ချမှတ်ထားဆဲဖြစ်တယ်လို့လို့SHRF က ဖော်ပြထားပါတယ်။
မိုင်းတုံမြို့နယ်ကသတ္တုသ်ိုက်ကို တရုတ်က တူးဖော်နေတာရယ်၊ရုရှားက တူးဖော်ဖို့ ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကရော UWSAကပါ ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။ ရုရှားနဲ့တရုတ်အစိုးရဟာ စစ်ကောင်စီကိုထောက်ခံထားတဲ့နိုင်ငံတွေဖြစ်လို့ နိုင်ငံတော်အဆင့်စီမံကိန်းတွေကိုပါ စစ်ကောင်စီကလက်သိပ်ထိုးပြီးပေးနေတယ်လို့ ပြည်သူလူထုက ဝေဖန်ထောက်ပြထားပါတယ်။
ဒီအစီရင်ခံစာကိုထုတ်ပြန်တဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့(SHRF)ဟာ စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးကိစ္စတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ လူအခွင့်ရေချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။


















































