Connect with us

Hi, what are you looking for?

သတင်း

တပ်ရင်းမှူးပုလဲမောင်လုပ်ကြံခံရမှုအတွက် ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို PDFစစ်ရုံးချုပ်ကဖမ်းဆီးထိန်းသိမ်း

ဗိုလ်စွမ်းသူ​မောင်အပါအဝင် ၇ ဦးကိုထိန်းသိမ်းထား

(ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ။ဓါတ်ပုံ-Swan Thu Mg's Facebook)

ဇွန်-၂၉၊၂၀၂၆။စိုင်းနောင်/People’s Spring

ယင်းမာပင်ခရိုင် အမှတ်(၆)တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို အမျိုးသားညီညွတ်​ရေးအစိုးရ ၊ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)စစ်ရုံးချုပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့စုံစမ်းသိရပါတယ်။

” စွမ်းသူမောင်အပါအဝင် ၇ ဦးကို စစ်ဆေးမေးမြန်းဖို့အတွက် ရာထူးတွေခေတ္တဖြုတ်သိမ်းပြီး စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတာပေါ့။ စွမ်းသူမောင်နဲ့ ပါဝင်ပတ်သက်သူတွေပေါ့။ PDF စစ်ရုံးချုပ်ကနေ အဆင့်ဆင့်တာဝန်ပေးပြီး ညွှန်ကြားချက်နဲ့ ထိနိးသိမ်းတာပါ”လို့ စစ်​ရေးသတင်းရင်းမြစ်တဦးက​ပြောပါတယ်။

တပ်ရင်းမှူးပုလဲမောင် (ခ) ပီတာဟာ ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာနမှာ ဗိုလ်စွမ်းသူမောင်ဦးဆောင်တဲ့ အစည်းအဝေးတက်ဖို့ ​​စောင့်ဆိုင်း​နေစဥ် ​​သေနတ်နဲ့အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ဗိုလ်စွမ်းသူမောင်ရဲ့ PA ရဲ​ဘော် ငဖြိုးက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်စွမ်းသူမောင်နဲ့ ပစ်ခတ်သူအပါအဝင် အမှုမှာပါဝင်ပတ်သက်သူအချို့ဟာ ဖြစ်စဉ်အတွက် ဖြေရှင်းဖို့ ဇူလိုင်လ ၂၈ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့​ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

“ဆင့်ကဲဆင့်ကဲလုံခြုံရေးယူပြီး ပို့လိုက်တာပါ။ ဆက်စပ်သူတွေအားလုံးကို လက်ရှိတော့ထိန်းသိမ်းလိုက်ပါပြီ။ ဒီအမှုကိုစစ်ဆေးနေဆဲမှာခရိုင်မှာ ဒုကွပ်ကဲရေးမှူးက ဆက်ပြီး တာဝန်ယူမှာပါ” လို့ ဒေသခံစာရေးသတင်းရင်းမြစ်ကပြောပါတယ်။

ယင်းမာပင်ခရိုင် အမှတ် (၆)တပ်ရင်းမှူးပုလဲမောင်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရမှုကိုအမှုမှန်ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးပေးဖို့ အမှတ်(၁)စစ်ဒေသအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့‌တွေက ကြေညာချက်တွေအသီးသီးထုတ်ပြန်ထားကြပါတယ်။

အမှတ်(၁)စစ်ဒေသရဲ့ဇွန်လ၂၉ရက်နေ့မနက်ပိုင်းထုတ်ပြန်ချက်မှာ တပ်မှူးပုလဲမောင်(ခ)ပီတာဟာ ယင်းမာပင်ခရိုင်ရှိတော်လှန်ရေးအင်အားစုများကြား၌ အမျိုးသားညီညွတ် ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ၏ ကွပ်ကဲမှူကို ခံယူဖို့ အမှတ်(၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်ကို (၂၀၂၂)ခုနှစ်တွင် ယင်းမာပင်ခရိုင်၌ ပထမဆုံးအဖြစ် သူနဲ့အတူ သူရဲ့ တပ်ရင်းတစ်ရင်းလုံး ကွပ်ကဲမှူ ခံယူလာတဲ့ တပ်မှူးတစ်ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံသတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုရှိရေး၊ ကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေးအတွက် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း အမှတ်(၁) စစ်ဒေသက တောင်းဆိုထားပါတယ်။

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနကကလည်းတပ်ရင်းမှူးပုလဲမောင်ကို လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူတွေကို ထိရောက်စွာ အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေအပြင် ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကပါ တရားမျှတစွာစစ်ဆေး ဖော်ထုတ်ဖို့ တောင်းဆိုနေကြပါတယ်။

အမှတ်(၁) စစ်ဒေသအပါအဝင် တပ်ရင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တိုင်းမှာ တပ်ရင်းမှူးပုလဲမောင်ဟာ မတရားသဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလို့ ဖော်ပြထားပါတယ်။

တပ်ရင်းမှူးပုလဲမောင်ရဲ့မိခင်တပ်ရင်းဖြစ်တဲ့ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းကလည်း လုပ်ကြံသတ်ဖြတ်သူနဲ့ အပေါင်းအပါတွေဟာ ၎င်းတို့ အမှားကို ဖုံးကွယ်ဖို့ လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယို၊ အသံဖိုင်တွေကို သတင်းမီဒီယာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေပြီး ကျဆုံးသူရဲ့တော်လှန်ရေးဂုဏ်သိက္ခာများကိုပါ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးနဲ့ လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူတွေကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကနေ အပြည့်အဝပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ တော်လှန်ရေးအင်အားစုတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သတင်းထုတ်ပြန်မှုတွေကိုပွင့်လင်းမြင်သာစွာလုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့...

ဆောင်းပါး

နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးအထိအခိုက်များစွာရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။

သတင်း

ဗန်းမော်မြို့သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ်တစ်ဦး နှင့် စစ်မှုထမ်းတပ်နှစ်သားသစ်ဦးအား စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)၊ စစ်ရုံးချုပ်က ယနေ့ ဩဂုတ် ၁၁ရက်တွင် ထုတ်ပြန်သည်။

သတင်း

ထိရောက်​သောပြစ်ဒဏ်များချမှတ်သွားမည်ဟု NUGကာကွယ်​ရေးဝန်ကြီးဌာန​ပြော​ရေးဆိုခွင့်ရှိသူပြော