ဇူလိုင်-၁၃၊၂၀၂၆။စိုင်းနောင်/People’s Spring
ချင်းတွင်း မြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘောအုပ်စုနဲ့ ယာကြီး-မင်းကင်း-ကလေးဝ လမ်းအတိုင်း တပြိုင်နက်တက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်တာမှာ စစ်တပ်ဘက်က အရာရှိအချို့အပါအဝင်၂၀ခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယ နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ရှင်းလင်းဖို့ဆိုပြီး ၂၀၂၆ဇွန်လခန့်ကစပြီးစစ်တပ်က ကုန်လမ်းရော၊ရေလမ်းကြောင်းကပါ အထက်ပိုင်းကိုတက်လာတာဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကြောင်း အတိုင်း တိုက်ခိုက်ရေးရေယာဉ် အပါအဝင် ဖလပ်မော်တော်ယာဉ် (၂၈)စီးနဲ့ ယာကြီး-မင်းကင်း
-ကလေးဝ လမ်းမှာတော့ အင်အားသုံးရာခန့် နဲ့ တက်လာတာလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement
ဗျူဟာမှူးတစ်ဦး ကွပ်ကဲပြီး ခမရ (၅၅၄) ဒုတပ်ရင်းမှူး အောင်ကိုကို ဦးစီးတဲ့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ အင်အားသုံးရာခန့်ပါစစ်ကြောင်းကိုယာကြီး-မင်းကင်း-ကလေးဝ လမ်းမှာ တော်လှန်ရေးတပ်တွေက ၉ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင်ဇူလိုင်လ၇ရက်နေ့မှာ ကနီမြို့ကနေတက်လာတဲ့ တိုက်ခိုက်ရေးရေယာဉ်အပါ ဖလပ်မော်တော်ယာဉ် (၂၈)စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုံးကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင် ၂၀ကျော်သေဆုံးပြီး၁၅ဦးဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကဒီနေ့ထုတ်ပြန်ပါတယ်။
ဒါ့အပြင် MA (3) တစ်လက်၊60mmဗုံးသီးသုံးလုံး ၊ 40mmဗုံးသီး လေးလုံး ၊ RPG7 တစ်လုံး ၊ အီနာဂါတစ်လုံး ၊ကျည်ကာဦးထုပ်နှစ်လုံး ၊ ယူနီဖောင်း (၂၆)စုံ ၊ SPS110 Portable Jammer Gunတစ်လက် ၊ မိုင်းရှင်းစက် တစ်လုံး ၊ MA2ကျည်ဘောက်တစ်ဘောက် ၊ ဖောကာတစ်စီး ၊ ၁၄မိုင်း နင်းမိုင်း၁၀လုံး၊ ရွှေလက်ကောက် တစ်ကွင်း ၊ကား တစ်စီး၊ နွားကိုးကောင် ၊လှည်းသုံးစီး ၊ မီးစက် တစ်လုံး၊ Solar(250)W နှစ်ချပ် ၊ Laptap တစ်လုံးသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
“တိုက်ပွဲတွေက သတင်းလုံခြုံမှုကိုဦးစားပေးပြီးစနစ်တကျတိုက်ခိုက်ခဲ့တာ။သတင်းလည်းလိုအပ်တော့မှာထုတ်ပြန်တာ။ ဒီပွဲမှာကိုယ့်ဘက်ကတစ်ယောက်မှအထိခိုက်မရှိခဲ့ဘူး”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ထုတ်ပြန်ချက်မှာလည်း ” မိမိတို့ဘက်မှ ထိခိုက်မှု မရှိ”လို့ ဖော်ပြထားပြီး ချင်းတွင်း မြစ် ကြောင်းအတွင်းတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့ ဖလပ်မော်တော် သုံးစီးကို FPV ဒရုန်းနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို ဖော်ပြထားပါတယ်။
ရလဒ်ကောင်းမွန်ခဲ့တဲ့ဒီစစ်ဆင်ရေးကို ကလေးခရိုင်အမှတ်(၇/၈/၉/၁၀/၁၁)တပ်ရင်း ၊ မင်းကင်းမြို့နယ် ပကဖ ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ ၊မင်းကင်းမြို့နယ်ထဲကပူပေါင်း တပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာစစ်တပ်စစ်ကြောင်းတွေက အထက်ကိုဆက်လက်တက်နေလို့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာအိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ် ။အဲဒီနောက်ပိုင်း စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီစစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်နေပြီး တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီ နေပြီဖြစ်ပါတယ်။


















































