“ICRCဟာနိုင်ငံရေးအရအဖွဲ့အစည်းမဟုတ်ပါ။ ဒါကြောင့်ဒီလုပ်ဆောင်ချက်လောက် နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူ မဖြစ်သလိုအာဆီယံ နဲ့ နိုင်ငံတကာအနေနဲ့လည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။”
— ဦးဘိုကြည် (AAPPတွဲဘက်အတွင်းရေးမှူး)
ဩဂုတ် ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာရွေးချယ်တွေ့ဆုံခွင့်ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦး အနေဖြင့် အသိအမှတ်ပြုခြင်းမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကိုသာရွေးချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေကြောင်း AAPP ကဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိ လွှတ်ပေးရမယ့်အပြင် နိုင်ငံတော်ကို ပြန်လည်ဦးဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုရမယ်လို့ လည်းတောင်းဆိုလိုက်ပါတယ်။

Public Service Announcement
“ဒေါ်အောင်ဆန်းစုကြည်ဆိုတာပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ပါ။ ပြည်သူ့ဆန္ဒ က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာပါ။ အဲဒီလိုဘဲ အာဆီယံ နဲ့ နိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည် ကို ချွင်းချက်မရှိ လွတ်မြောက်ပေးဖို့ နဲ့ မြန်မာနိုင်ငံရေးမှာ ဦးဆောင်တဲ့ နေရာက ပါဝင်နိုင်ဖို့ပါ။ အခု စစ်အုပ်စုလုပ်ဆောင်ချက် က နိုင်ငံတကာနဲ့ပြည်သူကို လှည့်စားဖို့ လုက်ဆောင်ချက်ပါ။ အိုင်စီအာစီ ဟာ နိုင်ငံရေးအရ အဖွဲ့အစည်းမဟုတ်ပါ။ ဒါကြောင့် ဒီလုပ်ဆောင်ချက်လောက် နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူမဖြစ်သလို အာဆီယံ နဲ့ နိုင်သံတကာအနေနဲ့လည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။”လို့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqqueကဩဂုတ် ၃ရက်နံနက်ပိုင်းမှာတွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုကထုတ်ပြန်ပါတယ်။အဲဒီလိုတွေ့ဆုံခွင့်ပေးခြင်းဟာ ပြည်တွင်းပြည်ပနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိအားပေးမှုကြောင့်ရရှိလာတဲ့ အောင်မြင်မှုတစိတ်တပိုင်းဖြစ်ကြောင်းလည်း AAPPက ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းစကတည်းက နှစ်ရှည်လများ သတင်းအမှောင်ချ ခံရတဲ့ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကျန်းမာနေကြောင်းအထောက်အထားကို အာဏာသိမ်းစစ်အုပ်စုက သြဂုတ်၃ ရက်မှာမှ ပြသလာတာဖြစ်ပါတယ်။
ဒါပေမယ့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း မြန်မာစံတော်ချိန်သြဂုတ် ၃ ရက်မွန်းလွဲပိုင်းအထိတရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိမရှိ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံတကာနဲ့ ပြည်သူလူထုက ပုံစံမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၆ ဇူလိုင် ၃၁ ရက်အထိ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသား ပေါင်း ၃၁၆၁၉ ဦးရှိပြီး ၊ထိုထဲမှဖမ်းဆီးထိန်းသိမ်းခံထားရဆဲ နိုင်ငံရေးအကျဥ်းသား ၂၂၅၄၃ ဦးကျန်ရှိနေသေးတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်တပ်က ပြည်သူအနည်းဆုံး ၈၂၂၂ ဦးကိုသတ်ဖြတ်ထားတယ်လို့ဖော်ပြပါတယ်။

















































