ဩဂုတ်-၈ ၊၂၀၂၆။ဖိုးသား/People’s Spring
ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်က မေလလယ်ကတည်းက ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး အင်အားထောင်ချီ၊ လေကြောင်းပစ်ကူများစွာနဲ့ ထိုးစစ်ဆင်လာတာကို ချင်းတပ် CPU/CPAနဲ့ မဟာမိတ်တွေတိုက်ခိုက်နေတဲ့ တိုက်ပွဲဟာ ၃လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ရှေ့ တန်းစစ်မြေပြင်က ရဲဘော်တွေ အတွက် လိုအပ်တဲ့ရိက္ခာပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ”ရိက္ခာ ” Campaign မှာ တတ်နိုင်သမျှပါဝင်အားဖြည့်ပေးကြဖို့ CUP/CPA က တောင်းဆိုပါတယ်။

Public Service Announcement
” လက်ရှိရှေ့တန်းစာမျက်နှာ မှာကျွန်တော်တို့တန်ပြန်ထိုးစစ်တွေပြင်းထန်စွာဆင်နွှဲလျက်ရှိနေပါတယ်။ကျွန်တော်အားလုံး လူကြီးမင်းတို့ရဲ့ ပံ့ပိုးကူညီမှုလိုအပ်နေတာဖြစ်တဲ့အတွက် ယခု ရိက္ခာကမ်ပိန်းကို အင်တိုက်အားတိုက်အားဖြည့်ပေးကြဖို့ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ”လို့ CUP/CPA တာ၀န်ရှိသူက ပြောပါတယ်။
ထိုးစစ်ဆင်နေတဲ့ စစ်တပ်က ဗိုလ်မှူးအဆင့်အပါအ၀င် တပ်သားရုပ်အလောင်းတွေ ၊လက်နက်ခဲယမ်းမျိုးစုံနဲ့၊ ဒရုန်း၊ ဂျန်မာ၊ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းတချို့ကိုပါ ဖမ်းဆီးရမိထားတယ်လို့ ဩဂုတ် ၁ ရက်မှာ CUP/CPAက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်သားတွေ တော်လှန်ရေးတပ်တွေထံမှာ လက်နက်ချပူးပေါင်းလာသူတွေ လည်းရှိနေတယ်လို့ ဆိုပါတယ်။
“လောင်းရှည်ဘက်ကနေ ဆောကိုတက်နေတဲ့စစ်ကြောင်းလည်း ဘာမှ မထူးသေးဘူး။ဆိုလိုတာက သူတို့စစ်ကြောင်းတွေ မထိုးနိုင်ဘူး။အထိနာနေတယ်”လို့ ချင်း-မကွေး ဒေသအစပ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် (ကပစ-၂၅)ကနေ စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ဆောမြို့နယ် ကျောက်ထု နဲ့ ဆောမြို့ထဲကို ဝင်ရောက်ခဲ့ပါတယ်။
ကျောက်ထုက စစ်ကြောင်းက မင်းတပ်မြို့ကို ဦးတာ်စစ်ဆင်ခဲ့ပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ခန့်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။


















































