ဩဂုတ် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်း ခရစ္စယာန် ဘုရားကျောင်းတွေ ယာယီပိတ်သိမ်းမှုနဲ့ပတ်သက်ပြီး UWSP/UWSA ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးညီရန်းက ဩဂုတ် ၁၄ရက်မှာ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။
တဖက်နိုင်ငံရဲ့ သတိပေးလာမှုနဲ့ အစွန်းရောက်တဲ့ ဘာသာရေးစည်းရုံးလှုံ့ဆော်မှုအချို့ကြောင့် ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
UWSA ဌာနချုပ် ပန်ဆန်းအပါအဝင် ၀တပ် ထိန်းချုပ်ထားတဲ့ နားဝီး၊ မိုင်းမောက်၊ ၁၇၁ စစ်ဒေသ စတဲ့ ဒေသတွေက ခရစ်ယာန် ဘုရားကျောင်းအားလုံးနီးပါးကို UWSAက ယာယီပိတ်သိမ်းလိုက်တဲ့ သတင်းကို Wa News Landက ဩဂုတ် ၁၄ရက်မှာ ဖော်ပြခဲ့ပြီးနောက် ညပိုင်းမှာ ဦးညီရန်းက အခုလိုရှင်းလင်းခဲ့တာပါ။

Public Service Announcement
“မိမိတို့”ဝ”ပြည်နယ် အတွင်း၌ စည်းကမ်းရှိသည့် ဘာသာရေးလွပ်လပ်ခွင့် ဥပဒေပြု ပြဌာန်းထားရှိပါသည်” လို့ ဦးညီရန်းက ရေးသားထားပါတယ်။
အခုလို ယာယီပိတ်ပင်မှုလုပ်ရတာဟာ တဖက်နိုင်ငံရဲ့ သတိပေးလာမှုကြောင့် ဖြစ်တယ်လို့ မြန်မာ-တရုတ်နယ်စပ်အခြေစိုက် UWSP/UWSAက အသိပေးထားပြီး တရုတ်ဘက်က ဘယ်လို သတိပေးထားတယ်ဆိုတာတော့ မပါဝင်ပါဘူး။
ဒါ့အပြင် “ဝ”ပြည်မှာ အစွန်းရောက်တဲ့ ဘာသာရေး စည်းရုံးလှုံ့ ဆော်သူတချို့စိပ့်ဝင်နေကြောင်း အသိပေးထားပါတယ်။ ဖျားနာလျှင် ဆေးသောက်၊ အလုပ်လုပ်စရာမလို ဘုရားမှကောင်းစေမည်ဆိုပြီး မှားယွင်းတဲ့ သွန်သင်မှုမျိုးရှိနေတာလို့ ဦးညီရန်းက အစွန်းရောက်ဘာသာရေးစည်းရုံးမှု အခြေအနေ ဖြစ်ပေါ်နေတာကို ရှင်းပြထားပါတယ်။
၀ဒေသမှာ ပြင်ပမှ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးခြင်းခွင့်မပြုထားဟုလည်း အသိပေးပါတယ်။
ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းထားတာနဲ့ပတ်သက်ပြီး အစွန်းရောက်တဲ့ ဘာသာရေးနဲ့ ကင်းရှင်းမှုရှိမယ်ဆိုရင် ပြန်လည်ဖွင့်ပေးမယ်လို့ သိရကြောင်းလည်း ဦးညီရန်းက ပြောပါတယ်။
၀တပ်ဖွဲ့ဟာ ၂၀၁၈ ဝန်းကျင်ကလည်း အခုလိုပဲ ခရစ်ယာန်ဘာသာရေးကျောင်းတွေ ပိတ်ပင်တာ၊ ကျောင်းအချို့ကို ဖျက်ဆီးတာ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာသနာပြုသူတွေကို ဒေသတွင်းက နှင်ထုတ်တာ၊ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီတုန်းကလည်း ဘာသာရေးဆရာအချို့ရဲ့ အစွန်းရောက်လုပ်ရပ်တွေကြောင့် ဒေသတွင်းမတည်မငြိမ်ဖြစ်မှာကိုစိုးရိမ်လို့ ဖြစ်တယ်လို့ ၀တပ်ဖွဲ့ဘက်က အကြောင်းပြခဲ့ပါတယ်။

















































