Connect with us

Hi, what are you looking for?

သတင်း

ရသေ့တောင်မြို့ကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ၊ လူထိခိုက်မှုရှိ

ရခိုင်တောင်ပိုင်းမှာလည်း လေယာဉ်တွေ ဝဲနေ

(ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းရွာကို စစ်တပ်က ဩဂုတ် ၁၇ရက်က ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

ဩဂုတ် ၁၈၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတော့တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေနဲ့ အနီးဝန်းကျင်တွေကို ဩဂုတ် ၁၇ ရက်နဲ့ ဒီနေ့ ဩဂုတ်လ ၁၈ ရက်မနက်ပိုင်းမှာ ၂ရက်ဆက်တိုက်ဗုံးကြဲခဲ့ပြီး အရပ်သား ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီကျော်ခွဲဝန်းကျင်မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့အဲဒီအနီးဝန်းကျင်ဒေသတွေ ကို နာရီဝက်နီးပါးလောက်ထိ ဆက်တိုက်ဗုံးကြဲနေခဲ့တာဖြစ်ပြီး အထိအခိုက်တွေကိုတော့ မသိရသေးပါဘူး။

“ကျောက်တန်းရွာထဲကိုလည်း ကျတယ်ပြောကြတယ်။ ရွာနားမှာဆိုရင်လည်း ယာလုပ်နေကြတဲ့သူတွေအများကြီး။ အချက်ပေါင်း တဆယ်ကျော်လောက် ကြားလိုက်ရတယ်။ အသေအပျောက်တွေတော့ (အင်တာနက်) လိုင်းတွေ လည်း မရလို့ မသိရသေးဘူး” လို့ ရသေ့တောင်ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ကျောက်တန်းကျေးရွာတဝိုက်ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲနေခဲ့တာဖြစ်ပြီး ထောက်ပို့ လေယာဉ် Y12 အသံပါ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၇ ရက်မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှာလည်း တိုက်လေယာဉ် ၁စီးနဲ့ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာက အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းမေနုမှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်ကလည်း သံတွဲမြို့ပတ်ဝန်းကျင်အနီးတဝိုက်ကို ဗုံးကြဲခဲ့ပြီး သားအဖ ၂ဦး သေဆုံးကာ အရပ်သားပြည်သူ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို ရက်ဆက် လေကြောင်းဗုံးကြဲနေတာဖြစ်ပြီး ဒီနေ့မှာပဲ ရသေ့တောင်မြို့နယ်ကို ဗုံးကြဲတဲ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့တဝိုက် လေယာဉ်ဝဲနေ တယ်လို့ ဆိုပါတယ်။

“လေယာဉ်တွေ ဝဲနေတယ်။ လူတွေကတော့ အတော်ကို ထိတ်လန့်နေတယ်။ ဘယ်နေ့ဘယ်အချိန် လာချဖို့လဲ ကြောက်နေရတာ” လို့ ဂွဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေ ဆုံး၊ ဒဏ်ရာရရှိမှုနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှု တရက်ပြီးတရက် မြင့်တက်နေတယ်လို့ AA က ထုတ်ပြန် ထားပါတယ်။

အခုဩဂုတ် ၁ ရက်ကနေ ၁၅ ရက်အထိ ၂ပတ်အတွင်းမှာပဲ AA ထိန်းချုပ်ရာ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀ မြို့တို့မှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃၆ ဦးသေ ဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးထိရှိခဲ့ပြီး တရက်မှာ လူ ၂ ဦးနှုန်း သေဆုံးနေရတာပါ။

AA နဲ့ မြေပြင်တိုက်ပွဲတွေတိုင်းမှာ အထိနာနေတ့ စစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အပြစ်မဲ့အရပ် သားပြည်သူလူထုတွေအပေါ် နေ့ညအချိန်မရွေး လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ် ရက်ဆက် ပြုလုပ်လာနေတာကြောင့် အာရက္ခဒေသတခုလုံး လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့ ထပ်မံတိုက်တွန်းကြောင်းလည်း AA က ဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ၆လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ဒုတပ်ကြပ် ၁ဦးက သူ့ရဲ့မိဘနေအိမ်ဟာ စစ်မှုထမ်းကြေးအဖြစ် ပေးနေရလို့ လူမှုကွန်ရက်မှာ မကျေမနပ်နဲ့ ရင်ဖွင့်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာဩဂုတ်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိူင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

Facebook