သြဂုတ် ၁၈၊ ၂၀၂၆။မေရီ/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ ဒုတပ်ကြပ် ၁ဦးက သူ့ရဲ့မိဘနေအိမ်ဟာ စစ်မှုထမ်းကြေးအဖြစ် ပေးနေရလို့ လူမှုကွန်ရက်မှာ မကျေမနပ်နဲ့ ရင်ဖွင့်ထားပါတယ်။
အဲဒီ ရင်ဖွင့်ပြောဆိုသူဟာ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကုန်းကလေးကျေးရွာအုပ်စု၊ သပြေလှကျေးရွာမှ ဦးမောင်ဝင်းနဲ့ ဒေါ်စိုးရီတို့ရဲ့ သားဖြစ်သူ ဒုတပ်ကြပ် မျိုးဝင်းဇော် ဖြစ်ပြီး လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေမှာ ရောက်နေသူဖြစ်ကြောင်း ၎င်းကိုယ်တိုင်ထုတ်ဖော် ပြောကြားထားတာပါ။
၎င်းရဲ့ ပြောကြားချက်အရ ကျေးရွာဥက္ကဋ္ဌ ငွေကြီးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကျေးရွာအတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်စာရင်းတွေကို လိုက်လံကောက်ယူ လူစုဆောင်းနေတဲ့အပြင် ကျေးရွာသားတွေဆီကနေ စစ်မှုထမ်းကြေးအဖြစ် ၁လကို ကျပ် ၂၅,၀၀၀ ကနေ ၄၀,၀၀၀ အထိ လစဉ်မပြတ် ကောက်ခံနေတယ်လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
“ကျွန်တော့်မိဘတွေ အသက် ၆၅ ၆၆ ပေါှဗျာ။ ၇၀ အောက်ဆွဲတွေဗျာ။ ကိုယ့်ဟာကို လုပ်ကိုင်စားနေရတာ။ ခုထိသားရေ ထည့်နေရတုန်းတဲ့ ကဲ။ နိုင်ငံ့တာဝန်ထမ်းဆောင်နေတယ်ဗျာ။ ကျွန်တော်ဆို ရှမ်းမြောက်မှာ။ ဒုတပ်ကြပ် မျိုးဝင်းဇော်ဖြစ်ပါတယ်။ ကဲ တွက်ကြည့်ပေတော့ ဖြစ်သင့်မဖြစ်သင့်။ အကြီးအကဲတွေ ဘဘကြီးအထိပေါ့ဗျာ သိအောင်တင်ပြခြင်းဖြစ်ပါတယ်”လို့ ၎င်းတပ်ကြပ်က ပြောပါတယ်။
စစ်မှုထမ်းကြေးပေးနေပေမဲ့ တွေ့တဲ့နေရာမှာလည်း ဖမ်းဆီးပေါ်တာဆွဲနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ “သူ့ဟာနဲသူ ကောက်ပြီးပြီဆိုလို့ အေးရမလားလို့ မအေးဘူးဆွဲတယ်။ ကိုယ့်ဟာကိုပဲ လုပ်ကိုင်စားသောက်နေကြတာ”လို့ ၎င်းတပ်ကြပ်က ပြောပါတယ်။
နိုင်ငံမှာ ၂၀၂၄ ဖေဖော်ဝါရီက အာဏာသိမ်းစစ်တပ်ကနေ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက်ပိုင်း မြို့နယ်နဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူစုဆောင်းတာအပြင် စစ်မှုထမ်း လက်တလောမခေါ်စေဖို့အတွက် စစ်မှုထမ်းကြေး(သို့မဟုတ်) ထောက်ပံ့ကြေး စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဒေသခံပြည်သူတွေဆီကနေ ငွေကြေးကောက်ခံမှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် စက်တင်ဘာလမှာလည်း စစ်မှုထမ်းအပတ်စဥ် (၂၈)ကို စတင်ဖို့ ကြိုးစားနေပြီး ၎င်းတို့ထိန်းချုပ်ရာဒေသတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေပါတယ်။


















































