သြဂုတ် ၁၈၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မနေ့က သြဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က အရာတော်မြို့နယ်မှာ ရေဘေးသင့်နေတဲ့ ကောင်းသစ်ကျေးရွာကို ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ရခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ပြည်သူအများစု ရှိတဲ့နေရာကိုကျတာ။ ၄ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်။ သေဆုံးတာက အမျိုးသမီးပါ။ အသက် ၃၅ ၃၆ ပတ်ချာလည်လောက်ရှိမယ်။ သူ့မှာကလေးလေး ရှိတယ်လေ။ ရေကျသွားရင် အလှူပေးဖို့ စီစဥ်ထားတာ။”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အလားတူ မနေ့က ည ၁၁ နာရီခန့်ကလည်း မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးဟာ ရေဘေးသင့်နေတဲ့ အရာတော်မြို့နယ်က ကြွေပုဂံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိခိုက်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
အရာတော်အပါအဝင် စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။


















































