ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၁၈ရက်မနက်က KIA စစ်ဆေးရေးဂိတ်ရှိ ရဲဘော်က ကား ၁စီးကိုရပ်တန့်ခိုင်းရာ ရပ်မပေးတာကြောင့် ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်လို့ ယာဉ်မောင်း ထိမှန်ခဲ့ရာ ဖြစ်စဉ်အပေါ် ဒေသခံတွေက ဆန္ဒပြပြီး ဂိတ်ကို ဖျက်ဆီးခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းတွေ ဖော်ပြတာ တွေ့ရပါတယ်။ ထိမှန်ခဲ့တဲ့ ယာဉ်မောင်းကို တရုတ်နိုင်ငံဘက်ခြမ်းကို ဆေးကုသဖို့ ပို့ဆောင်လိုက်တယ်လို့လည်း အသိပေးထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်က ဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်းနေတယ်လို့ သိရကြောင်း ပြောပါတယ်။

Public Service Announcement
“KIA ဂိတ်မှာ မရပ်ဘဲ ဖြတ်မောင်းသွားတာကို ရပ်တန့်ပေးဖို့ သတိပေး ပစ်ရာကနေ မတော်တဆ ထိမှန်သွားတာလို့ ကြားသိရပါတယ်။ ပြည်သူတွေက ဂိတ်စခန်း တဲအချို့လာရောက်ဖျက်ဆီးတာရှိပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA တောင်ပိုင်းတိုင်းကော်မတီက လိုအပ်ပါက တစုံတရာ ထုတ်ပြန်ရှင်းလင်းလာမယ်ယူဆကြောင်း ပြောပါတယ်။ ဒေသခံတွေရဲ့ သဘောထား အမြင်၊ မြေပြင် ဖြစ်စဉ်တွေကို KIAတောင်ပိုင်းတိုင်းကော်မတီက သေချာစုံစမ်းပြီး ထုတ်ပြန်ချက် ထုတ်သင့်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လိူ့မရသေးပါဘူး။


















































