ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ထားဝယ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဖြိုးစံဟာ လုံခြုံရေးရဲဘော်ထံကလက်နက်လုယူပြီး ပြန်လည်ခုခံထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ကြောင်း နည်းဗျူဟာ(၃၃)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မိုက်မဲသော ပြန်လည်ခုခံမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကနေရာမှာပင် အပြတ်ရှင်းလင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားတာပါ။
ဒုအကောက်ခွန်မှူး ဖြိုးစံကို နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၈၀၀၃) တပ်ရင်းက ဇူလိုင် ၂၀ရက်မှာ လောင်းလုံမြို့နယ် မောင်းမကန် ကမ်းခြေအနီးမှာ သတင်းအရ စစ်ဆေးဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

Public Service Announcement
အဲဒီလိုဖမ်းဆီးထားစဉ် စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကို အခွင့်ကောင်းယူပြီး လက်နက်လုထွက်ပြေးတာလို့ ဖော်ပြထားပါတယ်။ ဘယ်ဒေသကို ဘယ်နေ့က စစ်ကြောင်းထိုးလာတယ် ဘယ်နေ့မှာ လက်နက်လုထွက်ပြေးတယ်ဆိုတာကို သိရဖို့ နည်းဗျူဟာ(၃၃) တာဝန်ရှိသူထံ မေးမြန်းဖို့ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
နည်းဗျူဟာ (၃၃) အနေနဲ့ စစ်တပ် လက်ပါးစေ ဝန်ထမ်းတွေကို သတိပေးချက်လည်း ဒီကနေ့မှာ ဖော်ပြခဲ့သလို ဗျူဟာ(၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း သူ့ရဲ့ ဖေစ်ဘွတ်ခ်မှာ သတိပေးချက် ရေးသားထားပါတယ်။
“အဓိက သတိပေးချင်တာက စစ်ကောင်စီ ခိုင်းသမျှ မလုပ်ကြဖို့ ရယ် လူထုကို ဒုက္ခ မပေးဖို့ရယ် လူထုကို ဒုက္ခပေးရင် ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ ခင်ဗျားတို့ လုပ်သမျှကို အသေအချာ မှတ်တမ်းတင်နေပါတယ်လို့ ပြောချင်ပါတယ်” လို့ရဲဘော်စောဒါးကိုက ရေးသားထားပါတယ်။
“အခုအချိန်ထိ စကစ အင်အား ၅၀၀ နဲ့ နေရာအနှံ့ထိုးနေပါတယ်”လို့ ဗျူဟာ(၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက ဒေသတွင်း စစ်ရေး အခြေအနေ ကို ပြောပါတယ်။
အခြား သီးခြားပြောကြားရန်မရှိဘဲ ထုတ်ပြန်ထားတဲ့အတိုင်းသာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းက လက်ပါးစေတွေကို ကယ်တင်နိုင်မှာ မဟုတ်ကြောင်းလည်း နည်းဗျူဟာ (၃၃)က ထုတ်ပြန်ပါတယ်။
“အညံ့ခံလျှင် အသက်ချမ်းသာရာရမည်။တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းသိမ်းခြင်းခံရပါကငြိမ်ဝပ်စွာနေထိုင်ပြီး ညွှန်ကြားချက်ကို လိုက်နာပါက လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်မှုရမည်ဖြစ်သည်” ဟု ဗျူဟာ (၃၃)က ထုတ်ပြန်ကာ ထွက်ပြေးဖို့ ကြိုးပမ်းရင် ရှင်းလင်းခံရမယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်တပ် ယန္တရားမှာ ပါဝင်နေသူတွေ အနေနဲ့ အချိန်မလွန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြဖို့လည်း ဗျူဟာ (၃၃)က ထုတ်ပြန်ခဲ့ပြီး လူထုကို ဒုက္ခပေးသူတိုင်းဟာ တူသောအကျိုးပြန်ခံစားရမယ်လို့ ဖော်ပြထားပါတယ်။


















































