ဩဂုတ်၁၉၊၂၀၂၆၊ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ် ၁၈ရက် မနေ့က ညနေ ၃နာရီခွဲမှာ ရေခါးကျေးရွာလယ်ခေါင်ကို ဂျက်ဖိုက်တာ၂စီးနဲ့ဗုံးကြဲခဲ့တာမို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။
“ကိုယ့်အလုပ် ကိုယ်လုပ် နေကြချိန်ပေါ့။ရှောင်ချိန်ကို မရလိုက်ဘူး။အရင်ကလိုတောင်မဝဲဘူး။တန်းကြဲသွားတာ။ရွာလည်ခေါင်ကိုပါ။အမျိုးသမီးနှစ်ဦးသေပြီး ဒဏ်ရာရတာက ၅ယောက် လောက်ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲပြီးနောက် ဝမ်ပေါင်စီမံကိန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“လက်နက်ကြီး ၆လုံးပြီးမှ ရှောင်ရတာ။အဲတာကျ ရွာကမီးလောင် နေပြီ။မီးဝင်ငြိမ်းပြီးမှ ဒေသခံတွေထုတ်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုမှာ နေအိမ်၆လုံးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမရှိသလို စစ်ရေးလှုပ်ရှားမှု မရှိဘဲ စစ်တပ်က ကျေးရွာကို ဗုံးကြဲခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ ထပ်မံဗုံးကြဲမှာ ကြောက်ပြီးရွာထဲကနေ ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။


















































