ဩဂုတ်-၁၉ ၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။
ဆောမြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ခရိုင်စစ်ဌာနတပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်မှာ လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရခဲ့တာလို့ ဆိုပါတယ်။
သိမ်းရခဲ့တဲ့လက်နက်တွေက MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ RPG-7 စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ 5.56 ကျည် ၁၃၉ တောင့် နဲ့ G3 ကျည် ၁၀၉ တောင့် သိမ်းဆည်းရမိခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement
ဒါအပြင် ဆောမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၁လကျော်အတွင်း ၃ကြိမ်မြောက် လက်နက်ခဲယမ်းတွေ ရရှိတာလို့ ဆိုပါတယ်။
ဆောမြို့နယ်မှာ လောင်းရှည်မြို့ကနေ ဆောမြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေသလို ဆောမြို့နယ် ကျောက်ထုမြို့ကတဆင့် ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ် နီးပါးတိုက်ပွဲတွေ ဖြစ်နေပါတယ်။
” လောင်းရှည်နဲ့ ဆောမြို့ကြားကတော့လက်ရှိ စစ်ရေးအရ ပိုပြင်းထန်တယ်။နှစ်ဖက်ညှပ်၀င်နေတာမျိုးပေ့ါ။လောင်းရှည်ဘက်က စစ်ကြောင်းကို ကူဖို့ ဆောမြို့ကနေလည်း စစ်ကူဆင်းလာတာကြောင့်”လို့ ဆောမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ် စစ်ကြောင်းထိုးရာ လမ်းတလျှောက် အရပ်သားပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို မီးရှို့၊ လုယက်၊ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေ ကာကွယ်နိုင်ဖို့ ဆောမြို့နယ်အတွင်း ကာလရှည် ခုခံတိုက်ခိုက်နေဆဲလို့ ဖော်ပြပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အဓမ္မပေါ်တာဆွဲခံခဲ့ရပြီး ပါလာခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေ အနေနဲ့လည်း မိသားစုနဲ့ ပြန်လည်ဆုံတွေ့လိုရင် အလင်းဝင်ရောက်ဖို့ တိုက်တွန်းထားပါတယ်။
အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ပါက ချေမှုန်းတာကို ခံရမယ်လို့ (PDF) စစ်ရုံးချုပ်က သတိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
မေလဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ (ကပစ ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် (ကပစ ၂၅) ကနေ စစ်တပ်က စစ်ကြောင်း နှစ်ခုသုံးပြီး ပေါက်ကတဆင့် ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့ထဲကို ဝင်ရောက်ခဲ့ပါတယ်။
ကျောက်ထုက စစ်ကြောင်းက မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်းထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁တွေက ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။


















































