Connect with us

Hi, what are you looking for?

နိုင်ငံတကာ

F-35 တိုက်လေယာဉ်အစိတ်အပိုင်းတွေသယ်လာတဲ့သင်္ဘော တရုတ်ဆိပ်ကမ်းမှာကမ်းကပ်ခဲ့လို့အမေရိကန် စုံစမ်းနေ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

စက်တင်ဘာ – ၂၁ ၊၂၀၂၆

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

ဩစတြေးလျကနေ စတင်ထွက်ခွာလာတဲ့ ကုန်တင်သင်္ဘောဟာ အခုနှစ် နွေရာသီ အစောပိုင်း တစ်ချိန်တုန်းက ပစိဖိတ် သမုဒ္ဒရာထဲမှာ လမ်းကြောင်းပြောင်းသွားပြီး တရုတ်လက်အောက်ခံ ဟောင်ကောင်မြို့မှာ ဆိုက်ကပ်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်း F-35 တိုက်လေယာဉ်တွေနဲ့ ပတ်သက်လို့ ထိလွယ်ရှလွယ် ရှိလွန်းပြီး အထူးလျှို့ဝှက်ထားတဲ့ နည်းပညာတွေနဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးကုန်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက ဒီကိစ္စကို အမေရိကန် အစိုးရက လျှို့ဝှက် စုံစမ်းနေခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ အတည်ပြု ဝန်ခံခဲ့ပါတယ်။ နောက်ပြီး အမေရိကန် အောက်လွှတ်တော်ရဲ့ ကော်မတီ တစ်ခုက ဖြစ်စဉ် တစ်ခုလုံးကို စုံစမ်းစစ်ဆေးနေပြီ ဆိုတာကိုလည်း ကြေညာခဲ့ပါတယ်။

အောက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဟီသာ ဗော်ဂန်က အခုကိစ္စကို ကောင်းကောင်း သိရှိထားကြောင်း အတည်ပြုခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထွက်ဆိုချက်တွေ အများအပြားကို စုဆောင်းနေတယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် လက်အောက်မှာရှိတဲ့ F-35 စီမံကိန်း ဌာနကလည်း F-35 အစိတ်အပိုင်း တချို့ဟာ စီစဉ်ထားတဲ့ အခြေအနေမျိုး ရောက်ရှိမလာတာကို သတိပြုမိကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေ၊ မိတ်ဖက်နိုင်ငံတွေဆီက နည်းပညာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးမှုတွေ အပူတပြင်း လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။

F-35 လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်လာပြီး ဩစတြေးလျကနေ အမေရိကန်ကို ဦးတည်နေခဲ့တဲ့ ကုန်တင် သင်္ဘောတစ်စီးဟာ ဟောင်ကောင်ကို လမ်းကြောင်းပြောင်း ခုတ်မောင်းခဲ့တဲ့ အကြောင်းကို Politico သတင်းဌာနက စက်တင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖော်ပြခဲ့ပါတယ်။ သင်္ဘောက ဘာကြောင့် လမ်းကြောင်းပြောင်း ခုတ်မောင်းခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

F-35တွေဟာ အမေရိကန်ရဲ့ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေဖြစ်ပြီး မဟာမိတ် နိုင်ငံတချို့ကိုသာ ကန့်သတ် ရောင်းချပေးနေတာပါ။ အဲဒီ လေယာဉ်တွေဟာ ရန်သူ့ရေဒါနဲ့ ထောက်လှမ်းလို့ မရနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာ ပါဝင်နေပါတယ်။ အစိတ်အပိုင်းတွေ ပျောက်ဆုံးမှုကနေ တရုတ်ဟာ F-35 နည်းပညာတွေကို ထိတွေ့ခွင့် ရသွားပြီး ပုံတူကူးချ အသုံးပြုလာမှာကို စိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒါတင် မကသေးဘဲ အနာဂတ် စစ်ရေးပဋိပက္ခတွေ ကြုံလာရင် F-35တွေရဲ့ အားနည်းချက်တွေကို တရုတ်က သိနှင့်ပြီးသား ဖြစ်နေမယ့် ခြိမ်းခြောက်မှုလည်း ရှိနေပါသေးတယ်။

ပျောက်ဆုံးသွားတဲ့ လေယာဉ် အစိတ်အပိုင်းတွေထဲမှာ F-35ရဲ့ လေယာဉ်မှူး အခန်းတစ်ခုလည်း ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီကိစ္စက နည်းပညာ ပေါက်ကြားမှုအတွက် အန္တရာယ် အများဆုံး ဖြစ်နိုင်ပါတယ်။ F-35 လေယာဉ်မှူးတွေ အသုံးပြုနိုင်တဲ့ အဆင့်အမြင့်ဆုံး လျှို့ဝှက် နည်းပညာတွေ သိုလှောင်ထားသလို လေယာဉ်မောင်းခန်း တစ်ခုလုံးကိုလည်း တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားတဲ့ ကိုယ်ပျောက် နည်းပညာသုံး သတ္တုစပ်တွေနဲ့ တည်ဆောက်ထားပါတယ်။

F-35တွေ ထုတ်လုပ်မှုကို အဓိက ဦးဆောင်တဲ့ Lockheed Martin ကုမ္ပဏီဟာ အစိတ်အပိုင်းတွေ ပို့ဆောင်မှု အစီအမံတွေကို အဓိက ကြီးကြပ်ပြီး အရပ်ဖက် ရေကြောင်းလိုင်းတွေကိုလည်း ငှားရမ်း အသုံးပြုနေပါတယ်။ လက်ရှိ ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ လုံခြုံရေး အခြေအနေတွေနဲ့ ရေလမ်းသယ်ယူပို့ဆောင်ရေး သဘောတူညီမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ အသေးစိတ် ဆွေးနွေးနိုင်မှာ မဟုတ်ကြောင်း Lockheed Martinက ဆိုပါတယ်။

ဩစတြေးလျဟာ F-35တွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်မှုမှာရော၊ ပြန်လည် ပြင်ဆင်မှု အတွက်ပါ အမေရိကန်အတွက် အများကြီး အထောက်အကူ ပေးနေတဲ့ အင်ဒို-ပစိဖိတ် ဒေသတွင်း အဓိက မိတ်ဖက် နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။