စက်တင်ဘာ – ၂၁ ၊၂၀၂၆
ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အထူထပ်ဆုံး နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ စစ်မဲ့ဇုန် (DMZ)မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ တောင်ကိုရီးယား စစ်တပ်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ကြေညာပါတယ်။
ကမ္ဘာပေါ်မှာ လုံခြုံရေး အထူထပ်ဆုံး နယ်စပ်ဒေသ တစ်ခုလည်းဖြစ်တဲ့ DMZရဲ့ တောင်ကိုရီးယားဖက်ခြမ်းနဲ့ ပိုနီးတဲ့ နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒဏ်ရာရသွားတဲ့ အရာရှိတွေထဲက ဒဏ်ရာ ပိုပြင်းတဲ့ နှစ်ဦးကို ရဟတ်ယာဉ်နဲ့ သယ်ယူပြီး ဆေးရုံကို ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း၊ နောက်ထပ် တစ်ဦးကိုတော့ အရင်ဆုံး ကုန်းကြောင်းကနေ သယ်ထုတ်ပြီးမှ ဆေးရုံကို ပို့ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ် (JCS)က ထုတ်ပြန်ပါတယ်။

Public Service Announcement
ပေါက်ကွဲမှုဟာ မြေမြှုပ်မိုင်းကြောင့်လား၊ တခြား အကြောင်းကိစ္စ တစ်ခုခုကြောင့်လား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
JCSရဲ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက နယ်ခြားမျဉ်းရဲ့ တောင်ဖက်နားမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေရင်း အကြောင်းအရာ အတိအကျ မသိရသေးတဲ့ ပေါက်ကွဲမှု တစ်ခုကြောင့် အရာရှိ သုံးဦး ဒဏ်ရာရခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ သူတို့တွေရဲ့ ဒဏ်ရာအခြေအနေ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကိုလည်း JCSက ထုတ်မပြောပါဘူး။
DMZဟာ ၂၄၈ ကီလိုမီတာ ရှည်လျားပြီး ၄ ကီလိုမီတာ ကျယ်ဝန်းတဲ့ နယ်စပ်မျဉ်း ဖြစ်ပါတယ်။ ၁၉၅၀ ကနေ ၁၉၅၃ ထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအပြီးမှာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ DMZရဲ့ တစ်ဖက်တစ်ချက်စီကို ဆုတ်ခွာခဲ့ပေမယ့် အဲဒီနယ်မြေကတော့ မြေမြှုပ်မိုင်းတွေ ဗရပွနဲ့ ကျန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း DMZ တဝိုက်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီး မြေပြိုမှုတွေကြောင့် မြောက်ကိုရီးယားရဲ့ မြေမြှုပ်မိုင်းတချို့ တောင်ကိုရီးယားဖက်ခြမ်းကို မျောပါလာပါတယ်။ အခုပေါက်ကွဲမှုဟာ အဲဒီလို မိုင်းမျိုးကြောင့် ဖြစ်နိုင်သလို မြောက်ကိုရီးယား တပ်သားတွေက နယ်ကျော်လာပြီး မိုင်းအသစ်တွေ ထောင်ထားတာဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း JCSက ပယ်ချမထားပါဘူး။ ပြီးတော့ တောင်ကိုရီးယားက ထောင်ထားဖူးတဲ့ မိုင်းအဟောင်းတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လောလောဆယ်တော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ DMZမှာ စုစုပေါင်း မြေမြှုပ်မိုင်း ရှစ် သိန်းလောက်ထိ မြှုပ်နှံထားတယ်လို့ ယုံကြည်ရပါတယ်။ အများစုက ကျွန်းဆွယ်စစ်ပွဲ ကာလတုန်းက ထောင်ထားတာ ဖြစ်ပေမယ့် မကြာသေးခင် နှစ်ပိုင်းတွေအတွင်း နှစ်ဖက်စလုံးက DMZမှာ မိုင်းထောင်ထားမှုတွေ ပြန်လည် လုပ်ဆောင်နေကြောင်း သိရပါတယ်။
ကိုးကား – AFP



















































