အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို ထိန်းချုပ်သိမ်းယူလိုကြောင်း အတိအလင်း ပြောကြားခဲ့တာကြောင့် ဒိန်းမတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ နှစ်နိုင်ငံ အစိုးရတွေကြား ဂရင်းလန် ကိစ္စကို ပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ကြောင်း ကြေညာခဲ့ကြပါတယ်။ သဘောတူညီမှုအရ အမေရိကန်ဟာ အာတိတ်စက်ဝိုင်းနဲ့ ဆက်စပ်တည်ရှိပြီး အစိတ်အပိုင်း အများစု ရေခဲဖုံးနေတဲ့ ကျွန်းကြီးပေါ်မှာ ဒိန်းမတ်နဲ့ ဂရင်းလန် အစိုးရတွေရဲ့ ခွင့်ပြုချက် မလိုဘဲ စစ်အင်အား ဖြန့်ကျက် တည်ဆောက်ခွင့် ရလာမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂရင်းလန်ကျွန်းမှာ အမေရိကန်ရဲ့ စစ်စခန်း တစ်ခုပဲ ရှိပါတယ်။ အဲဒီစခန်းဟာ ကျွန်းရဲ့ အနောက်မြောက်ဖက် ကမ်းရိုးတန်းမှာ တည်ရှိပြီး ပစ်တက်ဖစ်ခ် အာကာသ စခန်းလို့ ခေါ်ဝေါ်ပါတယ်။

Public Service Announcement
အခုတော့ အမေရိကန်ဟာ ဂရင်းလန် တောင်ပိုင်းမှာ စစ်အေးခေတ်တုန်းက တည်ဆောက်ခဲ့ဖူးတဲ့ စစ်စခန်းဟောင်း တစ်ခုကို ပြန်လည်ချဲ့ထွင် မွမ်းမံပြီး အသုံးပြုဖို့ ရွေးချယ်ထားသလို စွပ်ဖားဆွဲခွေးတွေနဲ့ ကင်းလှည့်တဲ့ ဒိန်းမတ် လုံခြုံရေး တပ်ဖွဲ့တစ်ခု အသုံးပြုနေတဲ့ နိုင်ငံအရှေ့ပိုင်းက စခန်းတစ်ခုကိုလည်း လက်လွှဲယူသွားမှာ ဖြစ်ပါတယ်။
နာဆာဆူယက် ဧရိယာမှာရှိတဲ့ ဘလူဝီဝက်စ်ဝမ်း စစ်စခန်းကို အမေရိကန် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ပိတ်သိမ်းခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း စခန်းတဝိုက်မှာ လူနေ ကျဲပါးသွားပါတယ်။ မက်စတာစ်ဗစ်ဂ်မှာ ရှိတဲ့ စခန်းကတော့ ဒိန်းမတ်ရဲ့ ဆီရီးယက်စ် ကင်းလှည့်ယူနစ်က အသုံးပြုနေတာ ဖြစ်ပါတယ်။
ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေး ကဏ္ဍကို အမေရိကန်က အဓိက ကိုင်တွယ်သွားပြီး ဒိန်းမတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုမယ့် သဘောတူ စာချုပ်ကို စက်တင်ဘာ ၂၂ ရက်နေ့၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန် အစိုးရတွေကြား လက်မှတ်ရေးထိုးဖွယ် ရှိနေပါတယ်။
စာချုပ်ပါ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးသလို စာချုပ် လက်မှတ် မထိုးခင်အထိ အနုစိတ် ညှိနှိုင်းမှုတွေ ဆက်ပြီး ရှိနေလိမ့်မယ်လို့ အဲဒီကိစ္စကို ထဲထဲဝင်ဝင် သိရှိသူ တချို့က နာမည်မဖော်ဘဲ ပြောကြားခဲ့ပါတယ်။ ဒိန်းမတ်နဲ့ ဂရင်းလန် အစိုးရတွေရော၊ အိမ်ဖြူတော်ကပါ ဒီကိစ္စကို လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဂရင်းလန်ကျွန်းကို အမေရိကန်က ထိန်းချုပ်မထားရင် နောင်တစ်ချိန်မှာ ရုရှားနဲ့ တရုတ်တို့က သိမ်းယူသွားနိုင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ဖိအားပေးမှုတွေဟာ အခုနှစ် ဇန်နဝါရီလမှာ အရှိန်အမြင့်ဆုံး ဖြစ်လာတဲ့နောက် NATO စစ်မဟာမိတ် အဖွဲ့က ကြားဝင်ပြီး ဒိန်းမတ်၊ ဂရင်းလန်တို့ အနေနဲ့ အမေရိကန် အစိုးရနဲ့ ညှိနှိုင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
စစ်အေးခေတ်တုန်းက အမေရိကန်ဟာ ဂရင်းလန်မှာ စစ်စခန်း ၁၇ ခုထိ ဖွင့်လှစ်ပြီး တပ်အင်အား ၁၀၀၀၀ ကျော်ထိ ဖြန့်ကျက်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ပစ်တက်ဖစ်ခ် စခန်းမှာ စစ်သည် ၁၅၀ လောက်သာ တပ်စွဲထားပါတယ်။
ကိုးကား: Reuters



















































