အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါက်တာ မားငိုက်ဆန်းငါ အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။
ယခင် ပညာရေးဒုဝန်ကြီးဖြစ်သူ ကချင်တိုင်းရင်းသူ ဆရာမဂျာထွယ်ပန်က NUG ရဲ့ ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုမှာ ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့ အခြေအနေမှာ ဒုဝန်ကြီးတဦးအဖြစ် ချင်းတိုင်းရင်းသားတဦးကို ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ CRPHက NUG ပညာရေး ဒုဝန်ကြီးတဦး ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

Public Service Announcement
CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာ လက်ရှိ အခြေအနေတွေမှာ ပညာသင်ကြားမှု အခန်းကဏ္ဍဟာ ကြီးမားတဲ့ ပြောင်းလဲမှုနဲ့အတူ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရပေမဲ့ CDM ဆရာ၊ ဆရာမများ အနေနဲ့ ကြားကာလ ပညာသင်ကြားမှု အခန်းကဏ္ဍ မှာ မြေပြင် အခြေပြု သင်ကြားမှု၊ အွန်လိုင်း သင်ကြားမှုတွေနဲ့ လူထုနဲ့အတူ ဆက်လက် လှုပ်ရှား ဆောင်ရွက်လျက်ရှိတဲ့အတွက် ရပ်တန့်မနေတဲ့ သင်ကြားမှု၊ သင်ယူမှု လမ်းကြောင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အား စနစ်တကျ အုတ်မြစ်ချ တည်ဆောက်ကာ အဓမ္မ တရားအား ဆန့်ကျင်လျက် ဓမ္မဘက်မှာ ခိုင်မာ တည်ကြည်စွာ ရပ်တည်နေကြတဲ့ CDM ဆရာ၊ ဆရာမများနဲ့အတူ ကမ္ဘာတဝှမ်းရှိ မျိုးဆက်သစ်တို့အား အသိပညာများ မျှဝေသင်ကြား ပြုစုပျိုးထောင်ပေးနေကြတဲ့ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်အရည်အချင်း တို့အား လေးစားစွာ ဦးညွှတ်ကြောင်းလည်း CRPHက ဖော်ပြပါတယ်။
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို မတရားကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ရဲရဲဝံ့ဝံ့ ရှေ့တန်းမှ ရပ်တည်ခဲ့တာ ၆ နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ကိုယ်ပိုင် လူမှုအကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးများကို စွန့်လွှတ်ကာ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမများရဲ့ ရပ်တည်ချက်ဟာ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာ အားကောင်းသော မဏ္ဍိုင်ကြီးအဖြစ် တည်တံ့နေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“ဖိအားမျိုးစုံကြားမှ ပညာရေး၏ ပင်မတန်ဖိုးများဖြစ်သည့် “လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အမှန်တရားကို ရှာဖွေခွင့်နှင့် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ရေး” တို့ကို သက်စွန့်ကြိုးပမ်း ကာကွယ်ပေးနေကြသော ဆရာ၊ ဆရာမများအား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်က သဝဏ်လွှာ ပေးပို့ပါတယ်။
ဆရာ၊ ဆရာမတို့ရဲ့ လက်များဟာ အာဏာရှင်ရဲ့ ကျည်ဆန်များထက် ပိုမို စွမ်းအားကြီးမားကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်တာမို့ တော်လှန်ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များနဲ့ ပြည်သူတရပ်လုံးအနေဖြင့် ပြည်သူ့ နွေဦးတော်လှန်ရေးကြီး မုချအောင်မြင်ရမည်ဆိုတဲ့ ယုံကြည်ချက်ဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး ပန်းတိုင်သို့ မရောက်မချင်း လက်တွဲမဖြုတ်ဘဲ ဆက်လက်ချီတက်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။



















































