အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့ အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်းမှာ သင်တန်းဆင်းပွဲပြုလုပ်နေချိန် ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲလုပ်နေတဲ့ ကွင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သင်တန်းဆင်းပွဲကို ပစ်တဲ့ ၂ လုံးက သင်တန်းကွင်းထဲကျတာ။ အဲ့နောက် ထိခိုက် သေဆုံးတဲ့ ရဲတွေကို လူနာတင်ကား ၂ စီးနဲ့ လာခေါ်သွားတယ်”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ညနေ ၃ နာရီခန့်မှာလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စစ်ကိုင်း တပ်မ (၃၃)ကို သွားတဲ့ စစ်တပ်ရဲ့ ၇ စီးပါ ယာဉ်တန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုဝင်တွေကိုလည်း ရဲတပ်ရင်း (၁၆)အနီးမှာ လက်နက်ကြီး ၃ လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)က ထုတ်ပြန်ပါတယ်။
“ပတ်ဝန်းကျင်ကိုလဲ ရမ်းပစ်တယ်။ ပွဲကတော့ ညနေ ၄ နာရီလောက်ထိ ကိုယ်ကပစ်လိုက် သူကပြန်ပစ်လိုက်နဲ့တနေကုန်နီးပါးလောက် ဖြစ်တာ”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရဲတပ်ရင်း(၁၆)အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် အဲဒီနေ့က မုံရွာ-မန္တလေးသွားတဲ့ခရီးသွားယာဥ်တွေ ရပ်တန့်စောင့်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ် ၂ ခုလုံးမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ ယနေ့အထိ အတည်မပြုနိုင်သေးဘူးလို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့၊ ရဲတပ်ရင်း ၁၆ အနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စစ်ကိုင်း တပ်မ ၃၃ ကို သွားတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားတစ်စီး ပျက်စီးသွားခဲ့ပါသေးတယ်။



















































