အောက်တိုဘာ-၆၊ ၂၀၂၆။ အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၅ရက် မနေ့က မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်းကနေ ၇ကြိမ်ထက်မနည်း ဗုံးကြဲပြီး ဒီနေ့ အောက်တိုဘာ ၆ရက် မနက်ပိုင်းမှာလည်း ဂျက်ဖိုက်တာသုံးစီးနဲ့ ထပ်မံကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဟုမ္မလင်း လေဆိပ်ကနေ တက်လာပြီး ပစ်နေတာပါ။ ရုပ်အလောင်းတွေက ပျက်စီးတာတွေ၊ ပျောက်နေသူတွေလည်း ရှိတယ်။ သေဆုံးတာကို ၃၀ ကျော်နေပြီ။ ဒဏ်ရာအပြင်းအထန်ကလည်း ဆယ်ဂဏန်းမကပါဘူး။ အခုက အရေးပေါ် အခြေအနေပါ”လို့ ကျွန်းလှမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီနေ့ မနက်ပိုင်းမှာ မနက် ၁၀နာရီ ၅၂မိနစ်ကနေ ၁၀နာရီ ၅၅ မိနစ်အတွင်း ဂျက်ဖိုက်တာသုံးစီးနဲ့ အတွဲလိုက်ဗုံးတွေ ချခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းသတိပေးချက်တွေ ရှိနေဆဲလို့ ဒေသခံတွေကပြောပြီး သေဆုံးသူ အရေအတွက်ကို People’s Spring အနေနဲ့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
ဗုံးကြဲတဲ့နေရာတွေဟာ အရပ်သားတွေ တပိုင်တနိုင်ရွှေတူးတဲ့ နေရာတွေလို့ ဒေသခံတွေက ပြောပြီး စစ်တပ်ဝါဒဖြန့်ချိရေး လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ လေကြာင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ရုပ်သံတွေကို အသုံးပြုပြီး ရွှေသူခိုးတွေကို နှိမ်နင်းခန်း ဆိုပြီး ရေးသားဖော်ပြနေကြပါတယ်။
မြို့ခံတစ်ဦးကတော့ “အရပ်သားကို ပစ်မှတ်ထားပြီးသတ်ဖြတ်နေတာ။ ဒါတွေကို ဒေသခံတွေက မေ့မနေဘူး”လို့ ပြောပါတယ်။
ကျွန်းလှနဲ့ တန့်ဆည်အပါအဝင် စစ်ကိုင်းတိုင်းထဲက မော်လူး၊ ဗန်းမောက်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ မော်လိုက်၊ ခမ်းပါတ်နဲ့ တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် အာဏာသိမ်းစစ်တပ်က ဟုမ္မလင်းလေတပ်ကို အများဆုံးအသုံးပြုနေပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် ညနေကလည်း သဖန်းဆိပ်ဆည်ထဲက ရွှေမျောတွေကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားလို့ ဒေသခံ ၁၃ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။



















































