အောက်တိုဘာ ၇၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်တပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေပြီး KIA ကလည်း ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၇ရက် နေ့လယ်မှာတော့ လုံးခင်းဂေါက်ကွင်းကနေ လက်နက်ကြီးတွေ မကြာခဏပစ်ခတ်နေတယ်လို့ သိရပါတယ်။

Public Service Announcement
“ကလေးတွေ ကျောင်းဆင်းကာနီး ပစ်နေတာ။ စစ်ရေးအခြေအနေက ပေါ့တန်တန်ဖြစ်လို့ မရဘူး။ စစ်ဆိုင်နေတာ ရက်အနည်းငယ်ကြာပြီ။ သတိထားရမယ့် ကာလဖြစ်တယ်”လို့ KIAသတင်းရင်းမြစ်ကပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မွန်းလွဲပိုင်းမှာ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်က စုပေါင်းရုံးအနီးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒရုန်းနဲ့ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပြီး အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။ KIA သတင်းရင်းမြစ်ကတော့ အဲ့ဒီဖြစ်စဉ်ကို စိစစ်နေဆဲလို့ ပြောပါတယ်။
ဖားကန့်မြို့မှာ စစ်တပ်နဲ့ ရှမ်းနီ(SNA) ပူပေါင်းတပ်တွေက စစ်ကြောင်းပုံစံလှည့်လည်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲမဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ၂၄ရက်ညနေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ယခုရက်ပိုင်းမှာလည်း လေကြောင်းကင်းထောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသအပါအဝင် ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။ ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်က ဒေသခံတွေရဲ့ တပိုင်တနိုင်ရွှေတူးဖော်ရေးလုပ်ကွက်တွေကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထိစပ်ဒေသတွေဖြစ်တဲ့ ရွှေကူ၊ ကသာ၊အင်းတော်မြို့နယ်တွေမှာလည်း KIA နဲ့ စစ်တပ် စစ်ရေးတင်းမာနေပါတယ်။



















































