အောက်တိုဘာ ၇၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၇ရက်မနက်က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒရုန်းတိုက်ခိုက်ခံရတာလို့ရေးသားဖော်ပြမှုတွေ ရှိနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကို မေးမြန်းရာ အခုလို ပြောပြတာဖြစ်ပါတယ်။
“အဲဒီကိစ္စနဲ့ပတ်သက်ပြီးမှ ကျနော် ကြားသိရသလောက်တော့ အဲဒီ အစည်းအဝေး ရုံးခန်းထဲမှာ တခုခု ပေါက်ကွဲလာတယ်လို့ပဲ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဖားကန့်မြို့တွင်းထဲမှာ ကျတော့ ကျနော်တို့က မတိုးနိုင်ပါဘူး။အဲဒီအစည်းအဝေးမှာ ဒုတပ်မမှူးတွေ ပါတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့က လူတွေပါတယ်။ အဲဒီမှာ လုံခြုံရေးလည်း ထူထူထပ်ထပ် ချထားတာပဲ။ အဲဒီ အမည်မသိ မိုင်းပေါက်ကွဲလာတဲ့ အချိန်မှာ အနီးအနားမှာ လုံခြုံရေးတာဝန်ယူနေတဲ့ စကစ စစ်သားတွေကလည်း သေနတ်အငယ်တွေ အများကြီးဖောက်တယ်လို့ သိရပါတယ်။ အဓိကတော့ အဲဒီ အစည်းအဝေးပေါ်မှာ ချောင်းမြောင်းမိုင်းထောင်တာတော့ မဖြစ်နိုင်ပါဘူး။ စစ်ဘက်အရာရှိကြီးတွေ ပါတာမို့လို့ သူတို့ကို ချိန်ကောင်းချိန်နိုင်ပါတယ်။ အဲဒီမှာ ထိခိုက်ဒဏ်ရာရပြီးမှ သေသွားတာက တခြားလူဖြစ်သွားတာပေါ့” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အဲဒီ ပေါက်ကွဲမှုကြောင့် အစည်းအဝေး တက်ရောက်သူ ၁ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
ဖားကန့်ဒေသဟာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်နဲ့ စစ်တပ်ဟာ လတ်တလောမှာ ဗန်းမော်၊ မိုးမိတ်နဲ့ ခေါင်လန်ဖူးဒေသ၊ အင်းတော်ကြီးဒေသ၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာ၊ စစ်ရေးတင်းမာတာတွေ ရှိနေပါတယ်။



















































