အောက်တိုဘာ – ၉ ၊၂၀၂၆
၂၀၂၆ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကို တောင်အာဖရိက နိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ ပညာရှင် နဗာနီသမ် ‘နာဗီ’ ပီလိုင်က ဆွတ်ခူး ရရှိသွားပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး အဖွဲ့က ပီလိုင်ရဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ဥပဒေ စိုးမိုးရေးဆိုင်ရာ အားထုတ်မှုတွေအတွက် သူ့ကို အခုနှစ်အတွက် ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့ကြောင်း အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပီလိုင်ဟာ ဥပဒေနယ်ပယ်မှာ အင်မတန် ရဲရင့်တဲ့ သတ္တိ၊ တည်ကြည်တဲ့ သမာဓိဂုဏ်တွေကို ပြသခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ဥပဒေ စိုးမိုးမှုတွေအတွက် ရွပ်ရွပ်ချွံချွံ အားထုတ်ခဲ့တယ်လို့ နိုဘယ်လ် ကော်မတီ ဥက္ကဋ္ဌ ဂျော်ဂန် ဝတ်နေး ဖရိုင်းနက်စ်က နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တော်မှာ ပြုလုပ်တဲ့ ဆုကြေငြာပွဲ အခမ်းအနားမှာ ချီးကျူး ပြောကြားသွားပါတယ်။

Public Service Announcement
ပီလိုင်ဟာ နိုင်ငံတကာက လေးစားရတဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ၊ တရားသူကြီးတစ်ဦး ဖြစ်သလို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အဖြစ်လည်း ၂၀၀၈ ကနေ ၂၀၁၄ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။
အသက် ၈၅ နှစ်အရွယ် ပီလိုင်ဟာ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးနဲ့ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ တက်တက်ကြွကြွ ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ပီလိုင်ဟာ အိန္ဒိယအနွယ် တမီးလ်မိသားစု တစ်ခုကနေ တောင်အာဖရိကနိုင်ငံရဲ့ ဒါဘန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ လူမျိုးရေး ခွဲခြားမှု ပြင်းထန်တဲ့ စနစ်တစ်ခုအောက်မှာ ကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းက အသားအရောင်၊ အမျိုးသမီးဖြစ်မှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေအတွက် ခွဲခြားဆက်ဆံ ခံရတဲ့ အခြေအနေတွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။
အဲဒီ အတွေ့အကြုံဆိုးတွေကပဲ သူ့ကို ထင်ရှားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ ပညာရှင်တစ်ဦး ဖြစ်လာစေခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံ၊ နာတဲလ်တက္ကသိုလ်မှာ ဥပဒေဘွဲ့ ရခဲ့တဲ့ ပီလိုင်ဟာ အမေရိကန်နိုင်ငံ၊ ဟားဗက် တက္ကသိုလ်မှာ ဥပဒေ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့တွေကို ရရှိခဲ့ပါတယ်။ ဟားဗက်မှာ တောင်အာဖရိက နိုင်ငံသားတစ်ဦး ဥပဒေ ဒေါက်တာဘွဲ့ ရယူနိုင်ခဲ့တာဟာ ပီလိုင်က ပထမဆုံးပါပဲ။
သူဟာ ရဝမ်ဒါ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ကြားနာ စစ်ဆေးမှု အစီအစဉ်တွေမှာ ၁၉၉၅ ကနေ ၂၀၀၃ ခုနှစ်ထိ တရားသူကြီးနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ သမိုင်းကြောင်း တစ်ခုကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေမှာ မုဒိမ်းမှုကို လက်နက်တစ်ခုအဖြစ် အသုံးချမှုတွေကို ဥပဒေကြောင်းအရ ပြစ်မှုမြောက်တယ်လို့ ပထမဆုံးအကြိမ် ရှေ့ဆောင်လမ်းပြ သတ်မှတ်ပြီး အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ဘဝ တလျှောက်မှာလည်း မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ မှုခင်းတွေကို အလေးထား ကိုင်တွယ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာ အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ တရားစွဲခဲ့တုန်းက ပီလိုင်ဟာ ယာယီ တရားသူကြီးအဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။ ICJရဲ့ သတ်မှတ်ချက်တွေအရ အမှုအခင်း ဖြစ်ပွားတဲ့ နိုင်ငံတွေကနေ ခန့်အပ်ထားတဲ့ ICJ တရားသူကြီးတွေ မရှိရင် ပြင်ပက တရားဥပဒေ ပညာရှင် တစ်ဦးကို ယာယီ တရားသူကြီး အနေနဲ့ အဆိုပြု ရွေးချယ်နိုင်ပါတယ်။ ဂမ်ဘီယာ အစိုးရက ပီလိုင်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ပီလိုင်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် တစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အစ္စရေးနဲ့ ပါလက်စတိုင်းမှာ နှစ်ဖက်စလုံးက လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု ဖြစ်စဉ်တွေကို ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်ထိ စုံစမ်း အစီရင်ခံခဲ့ဖူးပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုဟာ အမေရိကန်ဒေါ်လာ ၁.၂ သန်းလောက်နဲ့ ညီမျှတဲ့ ဆွီဒင် ခရိုနော်ငွေကြေး ၁၂ သန်းကို ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို အဆိုပြု နာမည်တင်သွင်းခံရသူ ၂၅၀ လောက်ထဲကနေ ရွေးချယ်ခဲ့တာပါ။
အခုနှစ် နိုဘယ်လ်ဆုတွေမှာ ဆေးပညာ၊ သိပ္ပံပညာ၊ ဓာတုဗေဒနဲ့ စာပေဆိုင်ရာ ဆုတွေကိုလည်း ရွေးချယ် ချီးမြှင့်ထားပြီး ဖြစ်ပါတယ်။
ကိုးကား – CNN



















































