အောက်တိုဘာ-၁၀ ၊၂၀၂၆။မိုမို/People’s Spring
တနင်္သာရီတိုင်း၊ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီကနေ့(အောက်တိုဘာ ၁၀ရက်) မနက် ၈ နာရီခွဲ၀န်းကျင်ကစပြီး ကျွဲတလင်းကျေးရွာနဲ့ လော့သိုင်းကျေးရွာကို အင်အား ၂၀၀ ၀န်းကျင်နဲ့ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
ရေးဘီလူးတပ်ရင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇)တို့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁နာရီနီးပါးကြာမြင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးသူ ၉ ဦးရှိတယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှု ကို လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။
ပြီးခဲ့တဲ့လပိုင်းကတည်းက ရာဖူးနဲ့ ကျွဲတလင်းရွာတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာလို့ ရေဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မလွှဲတောင်စစ်ဆေးရေးဂိတ် လမ်းပိုင်းကို စစ်တပ်က အပြည့်အ၀ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး အင်အား ၂၀၀နဲ့အထက် အသုံးပြုစစ်ကြောင်းထိုးနေတာလို့လည်း ၎င်းက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ရန်ကုန်-ထား၀ယ်လမ်းပိုင်း ထိန်းချုပ်နိုင်ရေး အခုနှစ်လယ်ကစကာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရေဖြူမြို့ကို တော်လှန်ရေးတပ်တွေ ခေတ္တထိန်းချုပ်နိုင်ခဲ့ပြီး စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေဖြစ်တဲ့ ထွေအုပ်ရုံး နဲ့ ရဲစခန်းတွေကို သိမ်းပိုက်ဖူးပါတယ်။
ရေဖြူမြို့နယ်မှာ စစ်တပ်က ခြေလျင်တပ်ရင်း ၂ရင်း ၊ခြေမြန်တပ်ရင်း ၂ရင်း နဲ့ အမှတ်(၃၀၄) အမြောက်တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။



















































