အောက်တိုဘာ-၁၃၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဖယ်ခုံမြို့နယ်၊မိုးဗြဲမြို့ အနောက်ခြမ်းက အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနာ တစ်ပတ်နီးပါး ရှိလာပြီလို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာနဲ့ နှစ်စီး ခြောက်လုံးကြဲတယ်။ Y 12 နဲ့က လေးခေါက် ၁၅ လုံး ကြဲတယ် “လို့ ဖယ်ခုံဒေသခံစစ်ရေးသတင်းရင်းမြစ်က ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြောပါတယ်။

Public Service Announcement
လတ်တလောတိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒေသခံ တော်လှန်ရေးတပ်တွေဖြစ်တဲ့ မိုးဗြဲ PDF MBPDF နဲ့ အမှတ်(၁) အယ်လ်ဖာစစ်ဒေသကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခု အောက်တိုဘာ ၇ ရက်ကတည်းက လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာလို့ MBPDF က ကနဦး ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်း တိုက်ပွဲတွေမှာ မိုးဗြဲမြို့အနီးက အာဏာ သိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောထားပါတယ်။
ဒါ့အပြင် စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားပြီး တော်လှန်ရေးဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ရှိပါတယ်။
အောက်တိုဘာ ၈ ရက်က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊၁၀၀၁တပ်ရင်း၊တပ်ခွဲအမှတ်(၁)လင်းယုန်တပ်ခွဲက တပ်စုမှူးအလက်ဇန္ဒား ဟာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။



















































