အောက်တိုဘာ-၁၃၊၂၀၂၆။ယောနသံ၊ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။
အမ်းမြို့နယ်အခြေစိုက်တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)ကုမ္ပဏီလက်အောက်ခံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံက တရုတ်ဝန်ထမ်းတစ်ဦးနဲ့ မြန်မာနှစ်ဦးလိုက်ပါလာတဲ့ကားကို အောက်တိုဘာလ၁၁ရက်နေ့မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး စက်သေနတ်နဲ့ပါပစ်ခတ်ခဲ့တာလို့ ပဒါန်းဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
“အမ်း-ပဒါန်းကားလမ်းရဲ့နေရာအများစုကို တပ်တော်(AA)က ထိန်းချုပ်ထားပြီး စစ်တပ်ကလည်း ရှိနေတယ်။ ဒီလမ်းပိုင်းမှာ ဒေသခံတွေသွားလာတာမရှိတော့ဘူး။ တရုတ်လုပ်ငန်းသုံးကားတွေကိုမပစ်ဖို့ တရုတ်ကုမ္ပဏီဘက်က ပြောထားလို့ မပစ်ကြဘူး။ တရုတ်ဓာတ်ငွေ့စက်ရုံက ကားတွေကဒီတိုင်းပဲ သွားလာနေကြတာဘာမှမဖြစ်ဘူး။ အခုကတော့ စစ်တပ်က ပစ်တာ”လို့ အထက်ပါသတင်းမြစ်ကပြောပါတယ်။

Public Service Announcement
ပစ်ခတ်မှုအတွင်းလူတွေက ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြတဲ့အတွက် လူထိခိုက်မှုမရှိပေမယ့် ကားထိမှန်ပျက်စီးမှုရှိတယ်လို့စုံစမ်းသိရပါတယ်။
အမ်းမြို့နဲ့ ဆယ်မိုင်ကျော်အကွာ ဆင်ခုံတိုင်ရွာနဲ့ တောင်စောက်ရွာကြားရှိ တောင်စောက် ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ပိုက်လိုက်ထိန်းချုပ်ရေးစခန်းကြားမှာ ဗုံးကြဲခံရတာဖြစ်တယ်လို့ အမ်းဒေသခံတဦးကပြောပါတယ်။
“တောင်စောက်ပိုက်လိုင်းထိန်းချုပ်ရေးစခန်းအတွက် စားကုန်တွေကိုအမ်းဘက်လာပြီး မကြာမကြာ ဝယ်ယူဖို့ အသွားအပြန်လုပ်နေကြတာပါ။ တရုတ်တွေရော၊ ဒေသခံတွေဝန်ထမ်းတွေရောရှိတယ်။ သူတို့ အဲလိုမျိုး စျေးဝယ် ဖို့ အသွားမှာ အပစ်ခံရတာ”လို့သူကဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မဒွေးကျွန်း၊ ကပိုင်ချောင်း၊ ရေကောင်းချိန်၊ တောင်စောက်စတဲ့ ပိုက်လိုက်ထိန်းချုပ်ရေး စခန်းတွေရှိပြီး အဲဒီစခန်းတွေမှာ ဒေသခံမြန်မာနိုင်ငံသားဝန်ထမ်းတွေ ခန့်ထားပြီး တရုတ်နိုင်ငံသားဝန်ထမ်းတွေ လည်း မကြာခဏလှည့်ပတ်စစ်ဆေးတာတွေ ရှိနေတယ်လို့ဒေသခံတွေပြောပါတယ်။
အဲဒီပိုက်လိုင်ဝန်းထမ်းတွေဟာ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ ထပ်ဆင့်ပေးပို့၊ ထုတ်လွှတ်လုပ်ငန်းစဉ်တွေနဲ့ ပိုက်လိုင်း ထိခိုက်မှုရှိ၊ မရှိ ပုံမှန်စောင့်ကြည့်နေတာဖြစ်ပါတယ်။ “တရုတ်တွေမကြာမကြာ လာရောက်စစ်ဆေးတယ်။ ကင် မရာတွေတပ်ထားပြီးတော့ သူတို့ခွင့်ပြုမှဝင်ရတဲ့အခန်းတွေလည်းသီးသန့်ရှိတယ်” လို့ အမ်းဒေသခံက ပြောပါ တယ်။
AAက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ အမ်းမြို့ကိုသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်စပ်နေတဲ့ အမ်း-ပဒါန်းလမ်းထိန်းချုပ်နိုင်ရေးနဲ့ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာကို ဦးတည်တဲ့စစ်ဆင်ရေးတွေစတင်ခဲ့ပါတယ်။ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံတွေကတော့ ဆက်လက်လည်ပတ်ခဲ့ပြီး အဲ့ဒီကလုပ်ငန်းသုံးကားတွေကို မတိုက်ခိုက်ဖို့ကိုလည်း AA ကိုရော စစ်တပ်ကိုပါ တရုတ်ကညှိနှိုင်းထားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေအပြင်အမ်း-ပဒါန်းလမ်းကို နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ AA ရဲ့ မဟာမိတ်တပ်ဖွဲ့အချို့ကလည်း People’s Spring ကို ပြောပါတယ်။
“အမ်း-ပဒါန်းလမ်းမှာ တရုတ်ကုမ္ပဏီကားတွေကို လုံးဝမထိခိုက်စေဖို့ တရုတ်ဘက်က သတိပေးထားဖူးတယ်။ နားလည်မှုနဲ့ သဘောတူထားတာပါ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
အခုစစ်တပ်ဘက်ကတိုက်ခိုက်တဲ့ဖြစ်စဉ်ကို တရုတ်အစိုးရနဲ့ ကုမ္ပဏီဘက်ကနေ ဘယ်လိုတုံ့ပြန်မလဲဆိုတာစိတ်ဝင်စားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၃ခုနှစ်ထဲမှာ စစ်ကိုင်းတိုင်း၊ ထီးချ်ိုင့်မြို့နယ်ထဲကတိုက်ပွဲတွေအတွင်းတရုတ်အစိုးရရင်းနှီးမြုပ်နှံထားတဲ့တကောင်းနီကယ်စက်ရုံဝန်းထဲကို စစ်ကောင်စီက ဗုံးကြဲတဲ့ဖြစ်စဉ်မှာ ပျက်စီးသွားတဲ့အဆောက်အအုံတွေအတွက် စစ်တပ်က တရုတ်ကုမ္ပဏီ ဘက်ကို လျော်ကြေးပေးခဲ့ရဖူးပါတယ်။
အခုရက်ပိုင်းမှာ စစ်တပ်ကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းထဲကနယ်စပ်ဒေသတွေကို လေကြောင်းက ဗုံးကြဲနေပါတယ်။ဒါ့အပြင် စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတရုတ်မုန်းတီးရေးလှုံ့ဆော်ဝါဒဖြန့်နေတာတွေလည်း ရှိနေပါတယ်။



















































