အောက်တိုဘာ-၁၃၊၂၀၂၆။ခိုင်မြတ်/ People’s Spring
မကွေးတိုင်း ၊မင်းတုန်းမြို့နယ်၊ကံကြိုးရွာနီးဝန်းကျင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က အလောင်းတချို့နဲ့ စစ်သုံံ့ပန်းတဆယ်ကျော် အရှင်ဖမ်းမိ ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မင်းတုန်းမြို့နယ် သဖန်ရောင်ကနေ ကံကြိုးရွာအနီးကပွိုင့် ၉၄၈ ကုန်းဝန်းကျင်ကို အင်အားဖြည့်စစ်ကြောင်းထိုးဖို့ ကြိုးစားလာတဲ့ စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်ပွားပြီး အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က အထိနာဆုတ်ပြေးသွားခဲ့တာ လို့ သိရပါတယ်။
“၉၄၈ဘက်ကိုလက်နက်၊ ရိက္ခာပို့ဖို့ ကြိုးစားတဲ့ကောင်တွေနဲ့ တိုက်ပွဲဖြစ်နေကြတာ။အရှင်ဖမ်းမိတာ၁၂ ယောက်လောက်ရှိတယ်။ လက်နက်တွေလည်း ကျန်ခဲ့တယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လက်ရှိတော့သဖန်ရောင်ဘက်ဆီတပ်ဆုတ်ပြေးသွားတဲ့ စစ်တပ်ကို AA ကလိုက်လံတိုက်ခိုက်နေပြီး ပွိုင့် ၉၄၈ ကိုလည်း ထိုးစစ် ဆင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ပြင်းလိုက်၊နားလိုက်ပါပဲ၊ နေ့တိုင်းတော့ မရှိဘူး ဒီဘက်မှာ” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ ကံကြိုးရွာအနီးဝန်းကျင်တို့မှာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဆီက လက်နက်ခဲယမ်းနဲ့ အလောင်းတွေ သိမ်းဆည်းရမိသိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာလကုန်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးသူ ၃၀ ဝန်းကျင်နဲ့ လက်နက်ချသူ ၁၀ ကျော် ရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောထားပါတယ်။
မင်းတုန်းတိုက်ပွဲအတွင်းဖမ်းဆီးရမိသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံသုံးစွဲထားသူတွေဖြစ်ပြီး တိုက်ပွဲအရှေ့ဆုံးထိ ပို့ခံရတဲ့ ပြည်သူ့စစ်တွေဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း မကြာခဏရှိနေပြီး အနီးဝန်း ကျင်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို ကုန်စည်သယ်ယူရေးလမ်းကြောင်း လည်း ပိတ်နေပါတယ်။
စစ်တပ်ဟာ မင်းတုန်းမြို့နယ် သဖန်ရောင်းကနေတဆင့် မင်းတုန်း – မအီ ရိုးမလမ်းအတိုင်း ရခိုင်ပြည်နယ်ဘက်ဆီ ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့မှာတော့ စစ်တပ်က သူတို့စခန်းတွေကိုပဲ လက်လွှတ်နေရတာဖြစ်ပါတယ်။
အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်း၊ပဒါန်းမြို့နယ်၊နတ်ရေကန်စစ်မျက်နှာနဲ့ ဧရာ၀တီတိုင်းရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေဖြစ်နေပါတယ်။
စစ်တပ်ဟာရခိုင်ပြည်နယ်စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။
ထိုးစစ်တစ်လခွဲခန့်အတွင်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၄ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီးဖြစ်ပြီး အကျအ ဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့စစ်တပ်ဟာလေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက မြို့ရွာတွေ၊ဈေးတွေ၊စစ်ရှောင်စခန်းတွေ၊ဆေးန်းတွေစတဲ့ ပြည်သူတွေနေထိုင်ရာတွေကိုပါ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပါတယ်။



















































